အဆုံးဆိုးအချိန်တွေကလည်း အကောင်းဆုံးအချိန်တွေဖြစ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့တစ်လကပဲ ကျွန်မဟာ ကျွန်မနေထိုင်ရာ အမျိုးသမီးဘော်ဒါဆောင်ကနေ ပြောင်းခဲ့ပါတယ်။ အဓိကက ကျွန်မနဲ့အတူနေ အခန်းဖော်ရဲ့နိုင်ထက်စီးနင်းလုပ်မှုတွေကြောင့်ပါပဲ။ နောက်မှရောက်လာပေမဲ့ သူက အခန်းတစ်ဝက်မက နေရာယူပါတယ်။ ကျွန်မပစ္စည်းတွေကို စည်းကမ်းမရှိယူအသုံးပြုပါတယ်။ ပြောရင် လည်း မကြိုက်ပါဘူး။ ညညဆို မိုးလင်းခါနီးအထိဖုန်းပြောပြီး နေ့လယ်ဘက်ကျွန်မဖုန်းပြောရင်တော့ သူအိပ် နေလို့ မဆူနဲ့လို့ ပြောပါတယ်။ အဲ့ဒီအဆောင်မှာ ကျွန်မနေလာတာ ၃ နှစ်ရှိပါပြီ။ နေခဲ့သမျှနဲ့လည်း အဆင်ပြေ ပါတယ်။ အ ဆောင်မှူးနဲ့လည်း အဆင်ပြေပါတယ်။ ထမင်းဟင်းချက်စားမရပေမဲ့ ရေမီးအဆင်ပြေပါတယ်။ ဒါကြောင့် ကျွန်မလည်း မပြောင်းချင်ပါဘူး။ အဆောင်မှာလည်း လူပြည့်နေတော့ တခြားအခန်းလည်းပြောင်း လို့မဖြစ်ပါဘူး။ ဒါနဲ့ သူနဲ့နေရတာဘယ်လိုမှအဆင်မပြေတော့တဲ့အကြောင်း အဆောင်မှူးကိုပြောတော့ သူတို့က လည်း ပိုက်ဆံပုံမှန်ပေးပြီး အချိန်မှန်မှန်ပြန်လာနေတဲ့အဆောင်သူကို နှင်ထုတ်လို့မရဘူးလို့ဆိုပါတယ်။ ကျွန်မ ကိုသာ သည်းခံခိုင်းပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

နောက်ဆုံးတော့ ကျွန်မမှာ ကျွန်မချစ်ခင်သံယောဇဉ်ရှိတဲ့အဆောင်ကိုပဲ မျက်ရည်စက်လက်နဲ့ ခွဲခွာ ခဲ့ရပါတယ်။

ကျွန်မပြောင်းလိုက်တဲ့အဆောင်အသစ်က ကျွန်မအဆောင်ဟောင်းထက်ဈေးသက်သာပြီး တစ် ယောက်ခန်းရပါတယ်။ ထမင်းဟင်းလည်း စိတ်ကြိုက်ချက်စားလို့ရပြီး ဈေးနီး၊ အလုပ်နီးပါတယ်။ အဆောင် မှူးကလည်း ထင်မထားလောက်အောင်ကို သဘောကောင်းပြီး ကျွန်မအပေါ် မိသားစုလို စောင့်ရှောက်ပါတယ်။ အဲ့ဒီလောက်အဆင်ပြေမယ်လို့တောင် မထင်ထားပါဘူး။ အခုဆို အဆောင်အသစ်မှာ ပျော်နေပါပြီ။ ကျွန်မဘာသာဆိုရင် ဈေးကြီးပေးရပေမဲ့ ရေမီးကလွဲပြီး ဘာမှမရှိတဲ့အဆောင်မှာ ဘယ်လောက်ကြာအောင် နေနေမိဦးမလဲမသိပါဘူး။ အဆင်ပြေနေသရွေ့ပြောင်းဖို့လည်း စိတ်ကူးမိမှာမဟုတ်ပါဘူး။ အခုတော့ ကျွန်မကို မနေနိုင်အောင်အထိ စိတ်ပျက်စေခဲ့တဲ့ ကျွန်မအခန်းဖော်ဟောင်းကိုသာ ကျေးဇူးအထပ်ထပ်တင်နေမိပါတယ်။ ပြီးတော့ တစ်ခါတလေမှာ အဆိုးဆုံးအခြေအနေတွေဆိုတာ ပိုကောင်းတဲ့အခြေအနေတွေဖြစ်လာဖို့ ဖန်တီးပေး တာပါလားလို့လည်း တွေးမိပါတယ်။

သင်ကော အဆိုးဆုံးကအကောင်းဖြစ်လာတာတွေ ဘဝမှာ ကြုံဖူးလား။