စိတ်တွေတုန်လှုပ်ခြောက်ခြားလာတဲ့အခါ….

blank

လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး ကျွန်မရဲ့ နေရက်တွေက ပျော်ရွှင်မှု၊ ဝမ်းနည်းမှုဆိုတာတွေ မရှိတော့ဘဲ အဓိပ္ပါယ်မရှိသလို ခံစားလာရတယ်။ တစ်ခါတလေ အရောင်အဆင်း ကင်းမဲ့တဲ့ ကမ္ဘာကြီးကိုရောက်နေသလိုလို၊ တစ်ခါတလေ မှောင်မိုက်နေတဲ့ ကမ္ဘာကြီးထဲမှာ နေနေရသလိုလို ခံစားနေရတယ်။ အဲ့ဒီလို ခံစားနေရတာတွေအကြောင်း မိသားစုကို ရင်ဖွင့်တဲ့အခါမှာ ဘာမှအရေးမပါသလိုပဲ ပြုမူကြတယ်။ အဲ့ဒါကြောင့် ကျွန်မလည်းဆက်ပြီး ရင်မဖွင့်တော့ဘဲ မြိုသိပ်နေလိုက်တယ်။ ကြာလာတဲ့အခါ အဆင်ပြေသွားမယ် ထင်တာလည်း ပါတာပေါ့။

ဒါပေမဲ့ နေ့ရက်တွေသာ ကြာလာတယ်။ အဲ့ဒီဘာမှန်းမသိတဲ့ ခံစားချက်တွေက ပျောက်မသွားဘူး။ လူကသာ ငြိမ်ပြီး ထိုင်နေတာ စိတ်က အရှိန်တစ်ခုနဲ့ သွားနေတဲ့ ရထားလို့ပဲ။ အသံမြည်ပြီး ပေါက်ကွဲနေတယ်။ နောက်ပိုင်း ပိုဆိုးလာတာက တစ်ယောက်တည်းပဲ နေချင်တော့တယ်။ လူတွေကိုလည်း ဝေးဝေးရှောင်ချင်လာတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး။ တစ်ခါတလေ ငါမရှိတော့ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့အတွေးတွေလည်းဝင်လာတယ်။ ဘာလုပ်လုပ်စိတ်မပါတော့ဘူး။ တစ်ခါတလေ အရမ်းအိပ်ပြိး တစ်ခါတလေ လုံးဝမအိပ်ချင်တော့ဘူး။ ကျွန်မဒီကိစ္စကို တခြားသူတစ်ယာက်နဲ့ ရင်ဖွင့်တိုင်ပင်ရင်ကောင်းမလား တွေးလိုက်ပြန်တော့လည်း တွန့်ဆုတ်မိပြန်ရော ကျွန်မ ဘာဆက်လုပ်ရမလဲ မသိတော့တာနဲ့ သူငယ်ချင်းတစ်ယောက်ကို အရဲစွန့်ပြီး ဖွင့်ပြောပြမိတယ်။ သူငယ်ချင်းက ကျွန်မကိုတကယ်နားလည်ပေးပြီး အပြုသဘောနဲ့ အားပေးတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်နဲ့ ချိတ်ဆက်ပေးတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဆရာဝန်က ကျွန်မပြောတာတွေကို အမှန်တကယ်နားထောင်ပေးပြီး ဆွေးနွေးနှစ်သိမ့်ပေးတယ်။ အကြံပြုချက်တွေပေးတယ်။ ဆရာဝန်နဲ့ ဆွေးနွေးနှစ်သိမ့်မှု ယူပြီးတဲ့နောက်မှာ ကျွန်မရဲ့ ခံစားမှုတွေ လျော့ပါးသက်သာလာခဲ့တယ်။ လုပ်နေကျအလုပ်တွေကို ပုံမှန်အတိုင်းလုပ်နိုင်လာတယ်။ ဆရာဝန်ကပြောတယ် ကျွန်မဟာ ရွေးချယ်မှုမှန်ကန်ခဲ့တယ်တဲ့လေ။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကို အနာမယဉ်းခင်ကတည်းက ကုသလိုက်တဲ့အတွက် မလိုအပ်ဘဲ ကြီးထွားလာတာမျိုးမဖြစ်တော့ဘူးတဲ့။

အခုဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ၊ စိတ်ဝေဒနာတွေ ခံစားရတာကိုရှက်စရာလို့ ကျွန်မမမြင်တော့ဘူး။ စိတ်ဟာလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် တစ်ခါတလေဒဏ်ရာရတာ ဘာမှမဖြစ်ပါဘူးနော်။ ဒီလိုခံစားနေရတာဟာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ နားလည်လာတာကြောင့် ကျွန်မရဲ့အတွေ့အကြုံဟာ အခြားတစ်ယောက်ကို အားဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပြီး ဝေမျှပေးလိုက်ပါတယ်။

သင့်ဆီမှာ ဒီလိုဝေဒနာလေးတွေ ခံစားရရင်လည်း မရှက်ပါနဲ့။ လိုအပ်တဲ့ ကုသမှုတွေ ခံယူပါ။ ကိုယ့်ကို အမှန်တကယ်နားလည်ပေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်၊ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ရှိပြီး ဗဟုသုတကြွယ်ဝတဲ့သူတစ်ယောက်ယောက်ကိုရင်ဖွင့်ပါ။