COVID-19 ကို ရှေ့တန်းက တိုက်ခိုက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ကြုံတွေ့နေရတာလဲ။

blank

COVID-19 ကို ကုသပေးနေရတာဟာ မမြင်ရတဲ့ ရန်သူတစ်ဦးကို တိုက်ခိုက်နေရတာနဲ့ တူတယ်တဲ့။ ကိုဗစ်ဆိုတဲ့ ရန်သူရဲ့လက်ထဲကနေ လူနာတွေရဲ့ အသက်တွေကို လုယူပေးနေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ စကားပါ။ ကမ္ဘာအနှံ့က ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အဲ့ဒီရန်သူနဲ့တိုက်ရင်းခိုက်ရင်း သူတို့ကိုယ်တိုင်မှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ပင်ပန်းဆင်းရဲမှုတွေ အများကြီးခံစားနေရပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက တစ်ဝက်ဟာ စိတ်ကျခြင်းကို ရင်ဆိုင်နေရပြီး။ ၄၄.၆% ကတော့ စိတ်ပူပန်မှုတွေခံစားနေရသလို ကျန်တဲ့ ရာခိုင်နှုန်းတွေကလည်း ညအိပ်မပျော်တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ လေ့လာမှုတစ်ခုအရသိခဲ့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အမေရိကန်စိတ်ကျန်းမာရေးအဖွဲ့ရဲ့ ဥက္ကဠဖြစ်သူကတော့ ဒီကပ်ရောဂါကြီး ပြီးသွားတဲ့အခါမှာ post-traumatic stress တွေ ကြုံလိမ့်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ စိန်ခေါ်မှုတွေ ပေါင်းစုံကို ကြုံတွေ့နေရပါတယ်။

လူနာတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လိုအပ်ချက်ပေါင်းများစွာကြားထဲက ပြုလုပ်ပေးနေရတာ…

ဖုန်းတဂွမ်ဂွမ်ဆက်ပြီး လူနာတွေရဲ့ အခြေအနေတွေကို မေးမြန်းနေတဲ့ လူနာရှင်တွေကို ဖြေကြားပေးနေရတာ…။

မိသားစုတွေရဲ့ အဝေးမှာ အသက်ဆုံးရှုံးသွားရတဲ့ လူနာတွေကို ကြည့်ပြီး “ကိုယ်သာတစ်ခုခု ဖြစ်သွားခဲ့ရင် အဲ့ဒီလိုပဲ ချစ်ရသူတွေကို မတွေ့မမြင်ရဘဲ သေဆုံးရမှာကို စိုးရိမ်တာ…။

ကိုယ့်ကြောင့် ကိုယ့်မိသားစုဝင်တွေကို ကူးစက်မှာစိုးရိမ်ပြီး ဆေးရုံမှာနေပေမယ့် မိသားစုရဲ့ နွေးထွေးမှုတွေကို လိုအပ်နေတာ…။ စတဲ့ စိုးရိမ်ကြောင့်ကျမှုပေါင်းများစွာရှိနေပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေကို အဆောင်တွေ၊ တိုက်ခန်းတွေက ပေးမနေတော့တာ၊ ကြောက်စရာ သတ္တဝါတွေလို ဆက်ဆံခံရတာမျိုးတွေကို မြင်ရကြားနေရပါတယ်။

ကျွန်မတို့အတွက် ရှေ့တန်းကတိုက်ခိုက်ပေးရင်း စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်မတို့ပေးနိုင်တဲ့အရာတွေက အဲ့ဒီလိုတုံ့ပြန်မှုတွေလား။ သူတို့ရဲ့ စေတနာတွေအတွက် ကျွန်မတို့ပေးနိုင်တဲ့အရာက လျစ်လျူရှုမှုတွေ ဖယ်ကြဉ်မှုတွေလား။

ကျန်းမာရေးဝန်ထမ်းတွေမှာလည်း စိတ်ဖိစီးမှုတွေ ပူပန်မှုတွေ အများကြီးရှိနေတယ်ဆိုတာကို တကယ်ပဲ နားလည်မပေးနိုင်ဘူးလား။