COVID-19 ကြောင့် ကိုယ်ပိုင်အချိန်ပျောက်ဆုံးနေတယ်လို့ ခံစားနေရတဲ့ အိမ်ရှင်မတွေအတွက်

blank

COVID-19 ကြောင့် အားလုံးလိုလို အိမ်မှာနေနေရတဲ့အခါ အများစုက ပျင်းရိနေကြပေမယ့် ပျင်းရိဖို့အချိန်မရသူတွေကတော့ အိမ်ရှင်မတွေပါပဲ။ COVID မတိုင်ခင်တုန်းက ကလေးတွေကျောင်းသွားချိန်တွေမှာ ရတတ်တဲ့ ကိုယ်ပိုင်အချိန်တွေဆိုတာကလည်း ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ။ ဒီကြားထဲမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ချိန်ဆိုတာ မရှိတော့တဲ့အတွက် စိတ်ထွက်ပေါက်ရှာစရာလေးတွေကလည်း နည်းပါးလာခဲ့တယ်။ အိမ်အလုပ်တွေနဲ့ ကလေးတွေကို ၂၄ နာရီ ရင်ဆိုင်နေရတဲ့အခါမှာ စိတ်ရှည်ဖို့ တော်တော်ရုန်းကန်ရတဲ့အချိန်ပါ။ ဘယ်သူမဆို မိမိရဲ့ ကလေးတွေကို ချစ်မြတ်နိုးကြတာ မှန်ပေမယ့်လည်း ကလေးတွေရဲ့ ရန်ပွဲတွေ၊ ဂျီကျသံတွေ၊ ဆိုးနွဲ့ပူဆာတာတွေကို ပိတ်ရက်မရှိကြုံတွေ့နေရတာဟာ အိမ်ရှင်မတွေရဲ့ အကြီးမားဆုံးအခက်အခဲပါပဲ။

ဒါကြောင့် အခုလိုအချိန်မျိုးမှာကလေးတွေကိုလည်း ထိန်းရင်း ကိုယ်ပိုင်အချိန်အချို့ကို ပိုင်ဆိုင်နိုင်ဖို့အတွက်…

၁။ အိမ်အလုပ်တွေကို တစ်ယောက်တည်း သိမ်းကျုံးလုပ်မယ့်အစား အိမ်ထောင်ဖက်နဲ့ ကလေးတွေရဲ့ အကူအညီကိုတောင်းခံပြီးလုပ်ပါ။ မိသားစုတွေအတူတူ အလုပ်လုပ်တာက ပျော်စရာလည်းကောင်းပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ပါတယ်။

၂။ အတတ်ပညာအသစ်တွေကို ကလေးတွေနဲ့ အတူတူ သင်ယူပါ။ ဥပမာ- ပန်းချီဆွဲတာ သင်ယူတာမျိုး။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေကိုလည်း ထိန်းရင်းကိုယ့်စိတ်နဲ့ကိုယ်လည်း ဆက်သွယ်နိုင်ပါတယ်။

၃။ ကလေးတွေကို နေ့လယ်ခင်းမှာ တစ်ရေးတစ်မော အိပ်စေပါ။ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။ ကလေးတွေအိပ်နေတဲ့အချိန်မှာ ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲသောက်တာမျိုး၊ စာအုပ်ဖတ်တာမျိုးတွေကို လုပ်ပါ။

၎။ ကလေးတွေကို တစ်ယောက်တည်း ထိန်းနေတာမျိုးထက် အိမ်ထောင်ဖက်နဲ့ တစ်လှည့်စီထိန်းတာမျိုးလုပ်ပါ။-ဥပမာ သူက ကလေးတွေကို ကြည့်ပေးနေတဲ့အချိန် bath tub ထဲမှာ အေးအေးဆေးဆေးရေစိမ်တာမျိုးပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ မိသားစုလိုက်လုပ်လို့ရတဲ့ activity လေးတွေ လုပ်ပါ။ ကလေးတွေကို သင်လိုက်ထိန်းနေရတာထက် သင်လည်းစိတ်ပျော်ရွှင်စေမယ့်အရာတွေပေါ့။

၆။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖုန်းပြောပါ။ သင့်ကိုနားလည်ပေးနိုင်တဲ့ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။

၇။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေက အစ လိုက်လုပ်ပါ။ – ဥပမာ မိတ်ကပ်လိမ်းတာမျိုး၊ ဆံပင်ကို ပုံစံအသစ်ထုံးဖွဲ့တာမျိုးပေါ့။

၈။ အကောင်းမြင်စိတ်ထားပါ။

သင်ကော.. ကိုယ်ပိုင်အချိန်မရှိလို့ စိတ်ပင်ပန်းနေလား။