ကိုယ်ထိလက်ရောက်စည်းမကျော်သေးသရွေ့ ချစ်သူအပေါ်သစ္စာဖောက်ရာ မကျဘူးတဲ့လား။

blank

ကျွန်မမှာသိပ်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူဟာလွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းကတွဲနေတဲ့ သူ့ရဲ့ချစ်သူကိုသိပ်ချစ်ပါတယ်။ ဘယ်လောက်ထိလဲဆိုတော့ ကျွန်မနဲ့နှစ်ယောက်တည်း တွေ့ချိန်တွေတောင် နည်းလာတဲ့အထိပါပဲ။ ကျွန်မတို့အပြင်သွားဖို့ ချိန်းရင်လည်း သူ့ချစ်သူက ဆိုက်တွဲကြီးလို ပါလာတတ်တယ်။ ကျွန်မအိမ်လာဖို့ခေါ်ရင်လည်း သူ့ချစ်သူကပါလာပြန်တယ်။ မိန်းကလေးတွေချည်းတွေ့ဖို့ ချိန်းရင်တောင် သူ့ချစ်သူက ကန့်လန့်ကန့်လန့်နဲ့။ ကျွန်မတို့တစ်အုပ်စုလုံးကလည်း သိပ်ချစ်တဲ့ စုံတွဲအဖြစ် ချစ်စနိုး ရှိတတ်ကြပါတယ်။ FA တွေရှေ့မှာ ro ပြနေတတ်တာလေးတွေကို အမြင်ကတ်တာကလွဲလို့ပေါ့။

တစ်နေ့သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲလုပ်တယ်။ ကျွန်မတို့အုပ်စုအပြင် လူအများကြီးကို ဖိတ်ထားတာဆိုတော့ လူတော်တော်စုံပါတယ်။ သီချင်းတွေဆိုကြကကြနဲ့တော်တော်ပျော်စရာကောင်းပါတယ်။ ထုံးစံအတိုင်း ကျွန်မသူငယ်ချင်းကတော့ သူ့ရဲ့ကိုယ်တော်ချောနဲ့ အတူတူလာတာပေါ့။ မကြာခင်မှာ သူငယ်ချင်းက သူ့ရဲ့ညီမဝမ်းကွဲလေးကို အိမ်ပြန်ပို့ပေးပြီး ပြန်လာခဲ့မယ်လို့ပြောပြီး ထွက်သွားပါတယ်။ သူပြန်လာမှာဖြစ်တာကြောင့် သူ့ကောင်လေးက ပါတီပွဲမှာပဲ ကျန်ခဲ့ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မသူငယ်ချင်းလည်းသွားရော သူ့ကောင်လေးက ကျွန်မထိုင်နေတဲ့ဝိုင်းကိုပြောင်းလာပါတယ်။ ကျွန်မကိုစူးစူးရဲရဲတွေကြည့်ပြီး “ဒီနေ့သိပ်လှနေတယ်” လို့ပြောပါတယ်။ ကျွန်မလေ စိတ်အရမ်းတိုသွားပါတယ်။ သူကကျွန်မသူငယ်ချင်းရဲ့ချစ်သူဖြစ်ပြီး ကျွန်မကိုအဲ့ဒီလိုပြောတာကို ကျွန်မမကြိုက်ဘူး။ ကျွန်မသူ့ကိုဘာမပြန်မပြောတော့ဘဲ နောက်တစ်ဝိုင်းကိုကူးခဲ့လိုက်တယ်။ ဒါပေမဲ့သူက ကျွန်မကို လှမ်းကြည့်နေတာကိုတော့ ကျွန်မဘေးနားကသူငယ်ချင်းကသတိထားမိတဲ့အထိပဲ။

နောက်နေ့မှာ ကျွန်မသူငယ်ချင်းကိုတွေ့တော့ အဲ့ဒီအကြောင်းကိုပြောပြဖြစ်တယ်။ ကျွန်မထင်ထားတဲ့အတိုင်းပဲ ကျွန်မသူငယ်ချင်းကကျွန်မပြောတာကို အလေးအနက်မထားပါဘူး။ “နင်ကလည်း သူ့အကြောင်းမသိတာကျလို့၊ သူကခင်တတ်တယ်လေ။ နင်လှနေတယ်လို့ပြောတာကလည်း ဒီအတိုင်းခင်မင်လို့ပြောနေမှာပါ”တဲ့။ ကျွန်မက “သူကခင်မင်လို့ပြောတယ်ဆိုရင်လည်း နင့်ရှေ့မှာပြောသင့်တယ်လေ။ နင်သွားတဲ့အချိန်မှာပြောရလား” လို့ ပြောရလားလို့မေးတော့ “ငါထွက်သွားလို့ သူပျင်းလို့စကားပြောဖော်မရှိလို့ပြောမိပြောရာနေမှာပေါ့။ နင်တို့သိတဲ့အတိုင်း သူငါ့ကို သိပ်ချစ်တာလေဟာ။ ငါ့ကိုဘယ်လောက်ဂရုစိုက်တယ်။ မြတ်နိုးတယ်ဆိုတာလည်း နင်တို့အသိပဲ။ နင်အတွေးလွန်နေတာပါ” တဲ့။

ကျွန်မသူငယ်ချင်းပြောသလို ကျွန်မအတွေးလွန်နေတာလား။ ကောင်မလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်မဟုတ်ဘဲ မျက်လုံးနဲ့ကျူးကျော်နေတာကလည်း ချစ်သူအပေါ်မှာ သစ္စာဖောက်ရာ မကျနေဘူးလား။ ကျွန်မသူငယ်ချင်းကပဲ ချစ်သူအပေါ်ကို ယုံကြည်လွန်းနေတာလား။ ကျွန်မပဲ သံသယများနေတာလား။ ဖြေပေးပါဦးနော်။