COVID 19 အချိန်မှာ Single ဖြစ်နေခြင်းဟာ အထီးကျန်ဖို့ကောင်းလား

Single ဖြစ်ခြင်းဟာ လှပတဲ့အရာတစ်ခုလို့ပြောကြတယ်။ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ လုပ်ခွင့်ရခဲ့တဲ့အတွက် Single ဘဝဟာ အကောင်းဆုံးလို့ ကျွန်မလက်ခံထားခဲ့တာပေါ့။ ဒါပေမဲ့ အခုလို ကပ်ရောဂါကြီးရောက်လာတဲ့အခါ၊လူတွေနဲ့အဆက်အသွယ်ဖြတ် အိမ်တွင်းအောင်းနေရတဲ့အခါမှာ အထီးကျန်မှုတွေ စိုးစိတ်တွေက ကျွန်မကို လွှမ်းမိုးလို့လာခဲ့တယ်။ အိမ်ထောင်ကျသွားတဲ့သူငယ်ချင်းတွေက မိသားစုအသိုက်အမြုံနဲ့ အချိန်တွေကို အတူတကွ ဖြတ်သန်းနေချိန်မှာ ကျွန်မကတော့ အထီးကျန်ခြင်းဆိုတဲ့ လှိုင်းအောက်မှာ နှစ်မွှန်းလာခဲ့တယ်။

ဒီအချိန်မှာ မှီရမယ့် ပခုံးတစ်ဖက်၊ အားပေးမယ့်စကားလေးတွေကို မျှော်လင့်မိတာတော့အမှန်ပဲ။ အဲ့ဒီခံစားချက်တွေက Single တိုင်းလိုလို ခံစားရတတ်တယ်ဆိုတာကို သိလာပြီးတဲ့နောက်၊ ဒီလိုအချိန်မှာ ချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုတွေ လိုအပ်တာက သဘာဝပဲဆိုတာကို နားလည်လာပြီးတဲ့နောက် ကျွန်မနေရတာ အဆင်ပြေလာခဲ့တယ်။ ကျွန်မလိုချင်တဲ့ချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုတွေကို အခြားတစ်ယောက်ဆီကပဲ ရှာဖွေနေရမှာလား။ ကျွန်မကိုယ်ကျွန်မကော ပေးလို့မရဘူးလား။
ကျွန်မကျေနပ်စွာလက်ခံထားတဲ့ ဘဝကို အခြားလူတွေရဲ့ ဘဝနဲ့နှိုင်းယှဉ်ပြီး ဘာကြောင့်ဝမ်းနည်းနေမှာလဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူများတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ဆက်သွယ်ကြည့်တယ်။

  • ကိုယ်လုပ်ချင်တာလေးတွေကို လုပ်တယ်။
  • ဖတ်မယ်လို့ ရည်ရွယ်ထားတဲ့စာအုပ်လေးတွေဖတ်တယ်။
  • အခြားလူတွေရဲ့ အသံတွေကို နားထောင်စရာမလိုတဲ့အချိန်မှာ ကျွန်မနှလုံးသားရဲ့အသံတွေကို ကျွန်မပိုကြည်လင်စွာ ကြားလာရတယ်။

COVID အချိန်မှာ Single ဖြစ်နေတာက အထီးကျန်ခြင်းဖြစ်စေမလား။ အခွင့်အရေးတွေဖြစ်မလားဆိုတာကတော့ ကျွန်မတို့ရဲ့ ရွေးချယ်မှုလို့ပဲ ထင်တယ်။

သင်ကော ဘယ်လိုထင်မြင်မိပါသလဲ။