အိမ်အလုပ်လုပ်ပေးခြင်းက ယောက်ျားသိက္ခာကျသတဲ့လား။

blank

မောင်နဲ့ကျွန်မအိမ်ထောင်ကျပြီးတဲ့နောက် အိမ်ခွဲနေခဲ့တယ်။ ကျွန်မတို့နှစ်ယောက်လုံးက အလုပ်လုပ်တဲ့သူတွေဆိုတော့ အိမ်ရဲ့တာဝန်တွေကိုလည်း အတူတူပဲထမ်းဆောင်ခဲ့ကြတယ်။ မောင့်ရုံးက အိမ်နဲ့နီးတယ်။ ဒါကြောင့် မောင်က မနက်စာနဲ့နေ့လယ်စာချက်တယ်။ မောင် ထမင်းချက်နေတဲ့အချိန် ကျွန်မက အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ရုံးသွားဖို့ ပြင်ဆင်ရတယ်။ ပြီးရင်မောင်ပြင်ဆင်ပေးတဲ့ မနက်စာကို စားပြီးရုံးသွားတယ်။

ရုံးကအပြန်  ချက်ပြုတ်စရာတွေကို ဝင်ဝယ်ပြီး ကျွန်မပြန်လာတတ်တယ်။ အိမ်ရောက်တဲ့အခါ ကျွန်မက ညနေစာချက်ပေါ့။ ညနေစာချက်ပြီးချိန်လောက်ဆို မောင်ရောက်လာတာနဲ့ကွက်တိလေ။ ကျွန်မတို့ ညစာအတူ စားကြတယ်။ ပြီးတော့ မောင်က ပန်းကန်တွေဆေးကြော သန့်ရှင်းရေးလုပ်နေတဲ့အချိန် ကျွန်မက မီးပူတိုက်တယ်။ ပြီးရင် ကျွန်မက ဇာတ်ကားကြည့်ပြီး မောင်ဖတ်တယ်။ ကျွန်မတို့ အိမ်ထောင်သက် (၂) အတွင်းမှာ ကျွန်မတို့ကျင့်သုံးနေကြတဲ့ နည်းလမ်းကတော့ အဲ့ဒီလိုပါပဲ။ လူမှုရေးကိစ္စတွေ၊ ရုံးနောက်ကျတာတွေနဲ့ ကြုံရင်တော့ ကျွန်မတို့ ဂျူတီလဲကြပါတယ်။ ရုံးပိတ်ရက်တွေမှာ အိမ်ရဲ့ကွက်လပ်လေးမှာ အပင်လေးတွေ ရသလောက် စိုက်ကြတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ ပြီးပြည့်စုံနေတာ မဟုတ်ခဲ့ရင်တောင် စိတ်ချမ်းသာနေတာပါပဲ။

လွန်ခဲ့တဲ့လက မောင့်ရဲ့မိဘတွေ ကျွန်မတို့အိမ်ကို လာလည်တဲ့အချိန် ရုံးကိစ္စနဲ့ ခရီးကပြန်လာပြီး ခရီးပန်းပန်းနဲ့ အိပ်နေတဲ့အချိန်ပေါ့။ တနင်္ဂနွေနေ့လည်းဖြစ်တော့ မောင်က အိမ်သန့်ရှင်းရေးလုပ်လိုက်၊ မနက်စာချက်ပြုတ်လိုက်နဲ့ တစ်ယောက်တည်းအလုပ်တွေ ရှုပ်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်မယောက္ခမရဲ့ “အမလေးလေး…” အစချီပြီး ဗျစ်တောက်ဗျစ်တောက် ပြောနေတဲ့အသံကို ကြားလိုက်ရတယ်။ အလန့်တကြားနဲ့ ကျွန်မဆင်းလာတဲ့အခါမှာတော့ မောင့်ရဲ့မိဘနှစ်ယောက်လုံးက မောင်အိမ်အလုပ်တွေလုပ်နေတာကိုတွေ့ပြီး တအံ့တသြနဲ့ မောင့်ကိုပြောဆိုနေတာကို တွေ့လိုက်ရတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မောင်ကတော့ နှစ်ယောက်အတူတူ တည်ထောင်ထားတဲ့ အိမ်ထောင်ရေးမှာ အိမ်အလုပ်တွေကိုလည်း သူတစ်ဝက်ရှယ်ယာပါတယ်လို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောနေတာကို ကြားလိုက်ရတယ်။ ကျွန်မလည်း အလုပ်လုပ်တယ်။ မောင်လည်းအလုပ်လုပ်တယ်။ ကျွန်မလည်းအိမ်အလုပ်တွေ လုပ်တယ်။ မောင်လည်းအိမ်အလုပ်တွေလုပ်တယ်။ အဲ့ဒါဟာ ဘာမှမထူးဆန်းဘူးလို့ ပြောတယ်။ မောင့်ရဲ့အဖေက “ယောက်ျားက မီးဖိုချောင်ဝင်တယ်လို့ကွာ။ ယောက်ျားသိက္ခာကျတယ်” တဲ့။

အကယ်၍ ကျွန်မရဲ့ယောင်းမလေးကိုသာ သူ့အမျိုးသားက အိမ်အလုပ်ကူပေးနေတာတွေ့ရင် မိဘအနေနဲ့ ဝမ်းသာမှာလား။ သမက်ကို အိမ်အလုပ်လုပ်ပေးတာ သိက္ခာကျတယ်လို့ပြောမှာလား။ ကျွန်မရဲ့မိဘတွေ အိမ်လာလည်တိုင်း ကျွန်မကအိမ်အလုပ်လုပ်နေတာကိုတွေ့တာက မထူးဆန်းပေမယ့် မောင့်ရဲ့မိဘတွေအတွက် မောင်အိမ်အလုပ်လုပ်တာက ဘာကြောင့်ထူးဆန်းနေတာလဲ။

ယောက်ျားတစ်ယောက်အနေနဲ့ အိမ်အလုပ်တွေကူလုပ်ပေးတာက တကယ်ပဲသိက္ခာကျသတဲ့လား။