ဘဝမှာ ရွေးချယ်စရာတွေနဲ့ ကြုံလာတဲ့အခါ တွေဝေမနေဘဲ မှန်ကန်စွာ ရွေးချယ်လိုက်ပါ။

blank

တစ်ခါက လူတစ်ယောက်ဟာ သဲကန္တာရထဲမှာ ခရီးသွားရင်း လမ်းပျောက်နေခဲ့တယ်။ ရက်အနည်းငယ်ကြာလာတော့ မောပန်းနွမ်းနယ်လွန်းလို့ သောက်စရာရေ လိုက်ရှာပါတယ်။ ဒါပေမဲ့ ဘာရေမှမတွေ့ပါဘူး။ အားအင်ကုန်ခမ်းနေပေမဲ့ အဲ့ဒီလူဟာ လုံးဝလက်မလျှော့ဘဲ ရေမတွေ့မချင်း လမ်းဆက်လျှောက်နေပါတယ်။ နည်းနည်းကြာတော့ တဲအိမ်လေးတစ်လုံးကို ရုတ်တရက် သူလှမ်းမြင်လိုက်တယ်။ သူဟာ ပင်ပန်းနေတဲ့ကြားက လက်ကျန်ခွန်အားတွေ စုစည်းပြီး တဲအတွင်းကို မျှော်လင့်တကြီး လှမ်းဝင်လိုက်ပါတယ်။ ဒါပေမဲ့ တဲအတွင်းမှာ သူမျှော်လင့်ထားသလို သောက်စရာရေ မတွေ့ပါဘူး။ နောက်တော့ သူဟာ ရေဘုံဘိုင်တစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရတာကြောင့် တော်တော်ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ ရေဘုံဘိုင်ကို နှိပ်ကြည့်တာ ဘာရေမှ ထွက်မလာပါဘူး။ အားကုန်သုံးပြီး ဆက်တိုက်နှိပ်ပေမဲ့လည်း ရေကတော့ ထွက်မလာပါဘူး။ ဒါနဲ့ “ ဒီနေ့တော့ ရေငတ်ပြီး သေရတော့မယ်ထင်တယ် ” လို့ သူတွေးပြီး စိတ်ညစ်သွားတဲ့အချိန်မှာပဲ တဲထောင့်မှာ ရှိနေတဲ့ ရေပုလင်းတစ်လုံးကို လှမ်းမြင်သွားတယ်။ ပုလင်းထဲမှာ ရေအပြည့်ရှိပြီး ပုလင်းအဝကို ဖော့နဲ့ ဆို့ထားပါတယ်။ စာလေးတစ်စောင်ကိုလည်း တွဲချိတ်ထားပါတယ်။ စာထဲမှာ ….

“ဘုံဘိုင်ထဲက ရေထွက်လာဖို့ ပုလင်းထဲက ရေကို အရင်ထည့်လိုက်ပါ။

ရေထွက်လာလို့ သင်အသုံးပြုပြီးသွားတဲ့အခါ ဒီပုလင်းထဲကို ရေပြန်ဖြည့်ပေးခဲ့ဖို့ မမေ့ပါနဲ့ ။”

လို့  ရေးထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီစာလေးကို တွေ့လိုက်ရတဲ့အခါ သူတွေဝေသွားပါတယ်။ စာထဲကအတိုင်း ပုလင်းထဲကရေကို ဘုံဘိုင်ထဲအကုန်ထည့်လိုက်ရမလား၊ ဒါမှမဟုတ် မထည့်ဘဲ သောက်ပစ်လိုက်ရမလား။ တကယ်လို့ ရေထည့်လိုက်ပြီးကာမှ ရေပြန်ထွက်မလာရင် ဘယ်လိုလုပ်မလဲ။ စာထဲမှာရေးထားတာကို ယုံသင့်လား။ တကယ်လို့ ရေထွက်မလာဘူးဆိုရင် ပုလင်းထဲမှာ ရှိနေတဲ့ရေလေးတောင် သောက်ခွင့်မရလိုက်ဘဲ အလကားဖြစ်သွားမှာဆိုတဲ့ အတွေးတွေနဲ့ သူဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။

ဒါပေမဲ့ နောက်ဆုံးတော့ ဘုံဘိုင်ထဲကို ရေလောင်းထည့်ဖို့ လမ်းကိုပဲ သူရွေးချယ်လိုက်တယ်။ ရေထည့်ပြီး ဘုံဘိုင်ကို နှိပ်လိုက်တာနဲ့ အသံတွေထွက်လာပြီး ရေတွေ တရဟောထွက်ကျလာပါတယ်။ သူလည်း ဝမ်းသာအားရနဲ့ ရေအေးအေးလေးကို တစ်ဝကြီးသောက်လိုက်ပြီး ရေငတ်ပြေသွားပါတယ်။ ခုချိန်မှာ သူအသက်ဆက်ရှင်နိုင်ပြီလေ။ သူဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ တဲပတ်ဝန်းကျင်ကို လျှောက်ပတ်ကြည့်လိုက်တဲ့အခါ ဘောပင်တစ်ချောင်းနဲ့ လမ်းပြမြေပုံတစ်ခုကို တွေ့လိုက်ပါတယ်။ မြေပုံထဲမှာ သူ့တည်နေရာကို ရှာကြည့်ပြီး နောက်ထပ်ခရီးဆက်ဖို့ သူ့ရေဘူးကိုလည်း ရေအပြည့်ဖြည့်လိုက်တယ်။ တဲထဲကရေပုလင်းကိုလည်း စာထဲကအတိုင်း ရေပြန်ဖြည့်ပေးပြီး ဖော့ဆို့ပိတ်ပေးလိုက်တယ်။ ပြီးတော့

“ ကျွန်တော့်ကို ယုံပါ။ ရေတကယ်ထွက်ပါတယ် ”

ဆိုတဲ့ စာကြောင်းလေးကိုလည်း စာထဲမှာ သူထပ်ဖြည့်ရေးခဲ့လိုက်တယ်။

ကျွန်မတို့တွေရဲ့ ဘဝမှာလည်း တစ်ခါတလေမှာ ရွေးရခက်တဲ့အခြေအနေတွေကို ကြုံဖူးကြပါတယ်။ အဲ့ဒီလိုအကြပ်အတည်းတွေ ကြုံတဲ့အခါ လူတိုင်းဟာ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်တိုင်ပဲ ရွေးချယ်ကြရပါတယ်။ သင့်ရွေးချယ်မှု မှန်ကန်သွားတဲ့အခါ နည်းလမ်းလေးတွေကို တခြားသူတွေကို ပြန်မျှဝေပေးပါ။ အလုပ်မဖြစ်ခဲ့ရင်လည်း အတွေ့အကြုံတွေကို သင်ခန်းစာအဖြစ် မှတ်ယူပြီး တခြားသူတွေ လမ်းမှန်ရွေးနိုင်အောင် ပြောပြပေးပါ။

ယူတတ်မယ်ဆိုရင် ရွေးချယ်မှုတိုင်းမှာ အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် သင့်ဘဝမှာ ရွေးချယ်စရာတွေနဲ့ ကြုံလာခဲ့ရင်လည်း နောက်တွန့်မနေဘဲ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ဖို့ အားပေးလိုက်ပါတယ်နော်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE& SHARE လေးလုပ်ပေးပါဦးနော်။