ပွင့်ပွင့်လင်းလင်းနေပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေများများတွေးပေးပါ။

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ မျက်စိတစ်ဖက်မရှိ၊ ခြေထောက် တစ်ဖက်မရှိတဲ့ ဘုရင်ကြီး တစ်ပါးမင်းလုပ် အုပ်ချုပ်သတဲ့။ ဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို အုပ်ချုပ်တတ်တာကြောင့် တိုင်းပြည်မှာ နေထိုင်သူတွေ အကုန် ပျော်ရွှင်နေကြရတာပေါ့ကွယ်။

တစ်ရက်မှာ ဘုရင်ကြီးဟာ နန်းတော်ထဲက ဘိုးဘေးတွေရဲ့ ပုံတူပန်းချီကားတွေကို သွားရောက်ကြည့်ရှုရင်း နောင်လာနောက်သားတွေအတွက် သူ့ပုံတူပန်းချီကားကိုလည်း ထားရှိခဲ့ဖို့ ဆုံးဖြတ်လိုက်သတဲ့။ ဒါနဲ့ မောင်းထုကြေညာပြီး တိုင်းပြည်က အကောင်းဆုံး ပန်းချီဆရာတွေကို နန်းတော်ကို ဆင့်ခေါ်လိုက်တာပေါ့ကွယ်။

ဘုရင်ကြီးက မျက်စိတစ်ဖက်၊ ခြေထောက်တစ်ဖက်မရှိတာကြောင့် ပုံတူပန်းချီကားထဲမှာ သူ့ရဲ့ ဘိုးဘေးတွေလို မလှပ မတင့်တယ်နေရင် ဒဏ်ပေးခံရမှာ စိုးတဲ့အတွက် ပန်းချီဆရာတွေဟာ ပုံတူဆွဲပေးဖို့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်ကြတော့တာပေါ့။ ပုံတူပန်းချီကားကို ပိုင်ဆိုင်ချင်တဲ့ ဘုရင်ကြီးက ပန်းချီဆရာ ရှာမရလို့ စိတ်ညစ်သွားတော့တာပေါ့ကွယ်။ အဲ့ဒီအချိန်မှာပဲ လူအုပ်ထဲကနေ လက်ထောင်ပြီး ‘ဘုရင်ကြီးရဲ့ ပုံတူပန်းချီကားကို ကျွန်တော်မျိုး ရေးဆွဲပါရစေ။’ လို့ လူငယ်တစ်ဦးက လှမ်းပြောလိုက်သတဲ့။ ဘုရင်ကြီးလည်း ဝမ်းသာအားရနဲ့ သဘောတူလိုက်တော့တာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘုရင်ကြီးအပါအဝင် မင်းချင်းတွေ၊ မင်းညီမင်းသားတွေနဲ့ တခြားသော ပန်းချီဆရာတွေက လူငယ်လေး ဘုရင်ကြီးပုံကို ဘယ်လို ရေးဆွဲမယ်ဆိုတာ သိချင်နေကြတော့တာပေါ့။ သူ့ကို စိတ်ဝင်စားစောင့်ကြည့်နေတဲ့လူတွေရှေ့မှာပဲ လူငယ်လေးဟာ စတင်ရေးဆွဲလိုက်တော့တယ်။

ရေးဆွဲလို့ပြီးတာနဲ့ ဘုရင်ကြီးဆီကို အပ်နှံလိုက်တော့တာပေါ့။ လူငယ်လေး ဆွဲထားတဲ့ပုံမှာ ဘုရင်ကြီးဟာ မြင်းတစ်ကောင်ပေါ်မှာ ခန့်ခန့်ညားညားထိုင်ပြီး မြားပစ်နေတာပါ။ အကောင်းအတိုင်းရှိသေးတဲ့ ဘုရင်ကြီးရဲ့ ခြေထောက်နဲ့ မျက်စိကို အသားပေး ပုံဖော်ရေးဆွဲထားပြီး ခြေထောက်တစ်ဖက်နဲ့ မျက်စိတစ်ဖက် မရှိတဲ့ဘက်ကို ရေးဆွဲမပြထားတာကြောင့် ပုံတူပန်းချီကား မလှပ၊ မတင့်တယ်နေမှာကို ပူစရာမလိုတော့ဘူးပေါ့ကွယ်။ လူငယ်လေး ရေးဆွဲထားတဲ့ပုံကို ဘုရင်ကြီးက သဘောကျနှစ်သက်သွားတာကြောင့် ရွှေ၊ငွေ၊ ရတနာတွေနဲ့ ဆုချလိုက်တော့တာပေါ့။

ကျွန်မတို့ နေ့စဉ်ဘဝတွေဟာလည်း ဒီပုံပြင်လေးလိုပါပဲ။ အနီးအနားမှာရှိတဲ့လူတွေရဲ့ အပြစ်အနာအဆာတွေကိုပဲ မြင်နေမယ့်အစား လူတွေရဲ့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပေးတတ်ဖို့လိုပါတယ်။ အားနည်းချက်တွေကို ဖုံးကွယ်မနေဘဲ  မိမိဘဝ၊ မိမိအခြေအနေကိုလက်ခံထားပြီး ပိုမိုကောင်းမွန်တဲ့အရာတွေ အပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။ အဆင်မပြေတဲ့ အခြေအနေတွေထဲ ရောက်နေခဲ့ရင်တောင် အပြုသဘောဆောင်တဲ့ အတွေးတွေကို တွေးနေမယ်ဆိုရင် ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းသွားနိုင်မှာပါနော်။

ဒီပုံပြင်လေးက သင့်ကို တစ်ခုခု တွေးသွားစေတယ်ဆိုရင် Share သွားဖို့ကိုလည်း မမေ့နဲ့နော်။