သင့်သမီးကိုသင့်တော်သူနဲ့ နေရာချပေးဖို့ချည်းစဉ်းစားမနေပါနဲ့။ သူမဘဝအတွက် အတတ်ပညာတစ်ခုလည်းသင်ပေးပါ။

ကမ္ဘာကြီးဟာလှပတဲ့သတို့သမီးလေးတွေထက် ထက်မြက်တဲ့အမျိုးသမီးတွေကိုအလိုရှိနေတယ်တဲ့။ သင့်သမီးလေးလူ့လောကထဲရောက်လာခြင်းဟာနောက်ထပ်လူသားတွေကိုမွေးဖွားဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ရောက်ရှိလာခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာကြီးမှာသူမကိုသတိရစေမယ့် လှပတဲ့ခြေရာလေးတွေ ထားခဲ့ဖို့ဆိုတဲ့ ရည်ရွယ်ချက် အကောင်းဆုံးဆိုတဲ့ ရှင်သန်ခြင်းတွေနဲ့ ရှင်သန်မယ့်မျှော်လင့်ချက်ငှက်ငယ်လေးတွေကိုလောကကြီးထဲခေါ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။

သူမဘဝအတွက် လက်တွဲဖော်ကောင်းတစ်ယောက်ကအရေးပါသလိုဘယ်သူ့ကိုမှ အားမကိုးဘဲကိုယ်တိုင်ရပ်တည်နိုင်စေမယ့် အတတ်ပညာတစ်ခုခုကလည်းအရေးကြီးပါတယ်။ အမျိုးသမီးတွေဟာအခြားလူတစ်ယောက်ကိုအားကိုးရမယ်ဆိုတဲ့ ရှေးရိုးစွဲအတွေးတွေကိုစွန့်လွှတ်ပစ်လိုက်ပါနော်။

သင့်ရဲ့သမီးကိုတကယ်ချစ်တယ်ဆိုရင် ဘဝကိုတိုးတက်အောင် ကိုယ်တိုင်ကြိုးစားတတ်အောင် သင်ပေးပါ။ အခြားလူတွေကိုပျော်ရွှင်အောင် ဖြည့်ဆည်းပေးနေတာထက် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုဦးစားပေးတတ်အောင် သင်ပေးပါ။ မိန်းကလေးဆိုတာအနစ်နာခံရတယ်ဆိုတဲ့ အတွေးဟောင်းတွေကိုလွင့်ပစ်ပေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လက်ထပ်ခြင်းဆိုတာဘဝရဲ့ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုပါ။ ဒါပေမဲ့ သင့်သမီးလေးရဲ့ ဘဝပန်းတိုင်ကိုလက်ထပ်ခြင်းအဖြစ် မသတ်မှတ်ပစ်လိုက်ပါနဲ့။ ဆယ်တန်းအောင်တဲ့နေ့၊ ဘွဲ့ရတဲ့နေ့နဲ့ အလုပ်စဝင်တဲ့နေ့တွေကလည်းသူမဘဝမှာအရေးကြီးပါတယ်။ လက်ထပ်တဲ့နေ့ဟာသူမဘဝအတွက် အရေးပါတဲ့နေ့လေးတစ်နေ့ပါပဲ။ လက်ထပ်ပြီးတဲ့နောက် အခြားအရေးကြီးတဲ့ နေ့တွေကိုဆက်လက်ဖန်တီးနိုင်ဖို့ အားပေးကူညီပါ။ အလုပ်မှာရာထူးတိုးရဦးမယ်။ စီးပွားရေးမှာအောင်မြင်မှုတွေ ရယူရဦးမယ်လေ။

သင့်သမီးကိုအိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် လုပ်ရမယ့်နည်းတွေပဲသင်ပေးမနေပါနဲ့။ ကိုယ့်လုပ်ရပ်တွေအပေါ် တာဝန်ယူတတ်တဲ့၊ ကိုယ့်ဘဝကိုကိုယ်ရပ်တည်တတ်တဲ့၊ ကိုယ်ခံယူချက်တွေအတွက် တိုက်ခိုက်ရဲတဲ့၊ အိပ်မက်တွေကိုပုံဖော်ရဲတဲ့၊ ချစ်ခင်ကြင်နာမှုတွေကို ပြသရဲတဲ့၊ အမှားတွေကိုတောင်းပန်ရဲတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်အောင် သင်ပေးပါ။ အမျိုးသမီးကောင်းတစ်ယောက်ဟာအိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာမှာလည်းအသေအချာပါပဲ။

သင့်ရဲ့အမြင်လေးတွေကိုလည်းဝေမျှပေးလိုက်ပါ။