တက္ကသိုလ်ဝင်စာမေးပွဲအတွက် စိတ်ပူပန်နေတဲ့ မောင်လေး၊ ညီမလေးတွေအတွက် အိတ်ဖွင့်ပေးစာ။

blank

တက္ကသိုလ်ဝင်စာမေးပွဲက မနက်ဖန်ဆိုဖြေရတော့မယ်။ စိတ်ပူနေလား မောင်လေး၊ ညီမလေးတို့ရေ…။

တစ်နှစ်လုံးမှာ စာတွေကို ကြိုးကြိုးစားစားကျက်မှတ်လို့ ပြီးသွားပြီ။ ကိုယ်စွမ်းသလောက် ကြိုးစားနေတာပဲဆိုတော့ အလွန်အမင်းစိတ်ပူပြီး ကိုယ့်ကိုယ်ကိုယ်ဖိအားတွေ မပေးပါနဲ့တော့။ ပန်းဝင်တော့မယ့်အချိန်မှာ စိတ်ပူပန်ပြီး ကျန်းမာရေးထိခိုက်တာမျိုးမဖြစ်ရအောင်၊ အဖျားရှူးပြီး စာမေးပွဲမှာ အလွဲအမှားတွေ မကြုံရအောင် ဂန္ထဝင်ကနေ အကြံပြုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

မောင်၊ညီမလေးတို့ရေ….

ဒီအချိန်ဟာ စာတွေကိုအပူတပြင်းကျက်ရတော့မယ့်အချိန်မဟုတ်တော့ပါဘူးနော်။ ကျက်ထားတဲ့စာတွေကို နွေးရမယ့်အချိန်၊ မေးခွန်းဟောင်းတွေကို လေ့ကျင့်ရမယ့်အချိန်ပါပဲနော်။ ဒါ့ကြောင့် အောင်မှတ်ရမယ့်အခန်း၊ အမှတ်ကောင်းအောင် ကျက်ရမယ့်အခန်း၊ ဂုဏ်ထူးထွက်စေမယ့် အခန်းဆိုပြီး စာတွေကို ဆရာ၊မတွေရဲ့ ညွှန်ကြားချက်အတိုင်း ပိုင်းခြားထားပါ။ အဆင့် (၁)၊ (၂) (၃) ဆိုပြီး ခွဲခြားထားလိုက်ပါ။ ပြီးတော့ အဆင့်အတိုင်း စာတွေကိုနွေးတာ၊ လေ့ကျင့်တွက်ချက်တာမျိုးတွေ လုပ်ပါ။ အခုအချိန်မှာ စာအသစ်ကျက်တာမျိုးထက် ရပြီးသားတွေကိုပဲ ကျွမ်းကျင်အောင် လုပ်ပါနော်။

မောင်၊ ညီမလေးတို့ရေ…

ဒီလိုအချိန်မှာ စိတ်အလွန်ကို လှုပ်ရှားတတ်တဲ့အချိန်ပဲဖြစ်ပါတယ်။ စာတွေက ရသလို၊မရသလို ခံစားရသလို ဘယ်စာကိုအရင်လုပ်ရမလဲ၊ လုပ်စရာတွေအများကြီးပဲဆိုတဲ့ စိတ်နဲ့ ဗျာများရတတ်ပါတယ်။ ဘာသာရပ်တစ်ခုကိုလုပ်နေရင်း နောက်ဘာသာရပ်တစ်ခုအပေါ် စိတ်ရောက်နေတာက ပူပန်မှုတွေကို တိုးမှာကလွဲရင် ကောင်းကျိုးရှိမနေပါဘူးနော်။ ကိုယ်လုပ်ရမယ့် စာတွေကို စာရင်းပြုစုထားပါ။ ပြီးရင် လုပ်နေတဲ့စာပေါ်မှာ အာရုံထားပြီး တစ်ခုချင်းလုပ်သွားပါ။ စိတ်အာရုံတွေကို ပစ္စုပ္ပန်အချိန်မှာပဲ တည့်တည့်ထားပါနော်။

မောင်၊ ညီမလေးတို့ရေ…

စာတွေရဲ့ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ရှုပ်ထွေးနေတဲ့ စာကြည့်စားပွဲတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်အချိန်မပေးမိတာတွေက စိတ်ရှုပ်ထွေးမှုတွေကို ပိုစေပါတယ်။ စာကြည့်စားပွဲတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ထားပါ။ ကိုယ့်ကိုယ်ကိုယ် သပ်ရပ်သန့်ရှင်းနေအောင် ဂရုစိုက်ပါ။

မောင်၊ ညီမလေးတို့ရေ….။

ဒီအချိန်ဟာ တစာစာနဲ့ စာပြီးရင်းစာနေရတဲ့အချိန်ပါ။ အမြဲတမ်းစာတွေပဲ ဆက်တိုက်ကျက်မှတ်နေမယ်ဆိုရင် ဦးနှောက်ကထူပူနေပြီး မှတ်ဉာဏ်အားတွေလည်း ထိခိုက်စေပါတယ်။ စာဆက်တိုက်ကျက်နေမယ့်အစား မကြာမကြာ အနားယူပေးပါ။ အညောင်းဆန့်ပေးပါ။ မိသားစုတွေနဲ့ စကားစမြည်ပြောပါ။ သီချင်းလေးတွေ နားထောင်ပါ။

မောင်၊ ညီမလေးတို့ရေ…

စာတွေကို ဒီအတိုင်းကျက်မှတ်နေမယ့်အစား ကိုယ်နားလည်ထားတဲ့စာတွေကို အခြားတစ်ယောက်ကို ပြောပြပါ။ ကိုယ်နားလည်လွယ်မယ့် ပုံလေးတွေနဲ့ တွဲမှတ်ထားပါ။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတာမျိုးတွေလုပ်ပါ။

မောင်၊ညီမလေးတို့ရေ….။

ဒီအချိန်ဟာ ကျန်းမာရေးကို အထူးဂရုစိုက်ရမယ့်အချိန်ပါ။ စာတွေဘယ်လောက်ပဲ ပိုင်နိုင်နေပါစေ ကျန်းမာရေးထိခိုက်သွားရင် လိုရာပန်းတိုင်ကိုရောက်နိုင်မှာမဟုတ်ပါဘူးနော်။ ရာသီဥတုအကူးအပြောင်းအလဲလည်းဖြစ်တာကြောင့် ရေချိုးမမှားအောင် သတိထားပါ။ ရေများများသောက်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးပါ။ မိန်းကလေးတွေအနေနဲ့ ရာသီသွေးကြောင့် သံဓာတ်အားနည်းတာမျိုးလည်း ဖြစ်တတ်တာကြောင့် သံဓာတ်ဖြည့်ပေးနိုင်မယ့် အားဆေးတွေကို သောက်သုံးပါ။

မောင်၊ညီမလေးတို့ရေ…..။

စာမေးပွဲအတွက် လိုအပ်မယ့် ပစ္စည်းပစ္စယတွေကို ကြိုတင်ပြင်ဆင်ပါ။ ဘောပင်မှင်မလိုက်တာမျိုး၊ စာမေးပွဲဝင်ခွင့်ကတ် မေ့ကျန်တာမျိုးတွေ မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ထားပါ။ စာမေးပွဲမဖြေခင်မှာ ကိုယ်ဖြေရမယ့်ကျောင်းကိုသွားပြီး ကိုယ်ဖြေရမယ့်အခန်းကို သွားကြည့်ထားပါ။

အရေးအကြီးဆုံးကတော့…

စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

အိပ်ရေးဝဝအိပ်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ ရေများများသောက်ပါ။

မေးခွန်းဟောင်းတွေ အပြန်ပြန်အလှန်လှန်လေ့လာပါ။

စာဖြေရမယ့်အချိန်နဲ့ စာတွေရဲ့သဘောတရားကို နှောကြေနေအောင်လုပ်ထားပါ။

ကိုယ်မှားတတ်တဲ့အမှားတွေကို ဂရုစိုက်ပါ။

အာရုံစူးစိုက်မှုကို အထောက်အကူပြုစေနိုင်တဲ့ သံဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် မောင်၊ ညီမတွေအားလုံး ရည်မှန်းချက်တွေပြည့်ဝကြပါစေနော်။