“မောင်တစ်ထမ်းမယ်တစ်ရွက်” ဆိုတာ အိမ်အလုပ်တွေနဲ့မသက်ဆိုင်ဘူးလား။

blank
ယောက်ျားဒိုင်ယာရီ

ကျွန်တော့်ဇနီးက ကျွန်တော့်ကိုအရင်လို ဂရုမစိုက်တော့ဘူး။ သူ့ကြည့်လိုက်ရင် လောကကြီးကို စိတ်ကုန်နေသလို၊ ကျွန်တော့်ကိုပဲစိတ်ကုန်နေသလိုပဲဗျ။ ထမင်းစားစားပွဲမှာ အရင်ကလို တီတီတာတာစကားတွေ မကြားရတော့ဘူး။ သားကိုထမင်းကျွေးတဲ့အခါ ချော့မော့ပြီးမကျွေးဘဲ ဘာလို့ဆူပူနေတာလဲ ကျွန်တော်နားမလည်တော့ဘူး။ ညအချိန်တွေမှာ ကျွန်တော်နဲ့ သာယာတဲ့စကားလေးတွေပြောဖို့မပြောနဲ့။ ကျွန်တော်တီဗွီကြည့်ပြီး အခန်းထဲရောက်ရင် သူမက သားလေးကိုသိပ်ပြီး အိပ်ပျော်နေပြီ။

မနက်ရောက်တော့လည်း သူမကကျွန်တော့်ထက်ဦးအောင် ထပြီး ချက်ပြုတ်ပြင်ဆင်တာနဲ့ဘာနဲ့ဆိုတော့ စကားပြောဖို့ အချိန်မရပြန်ဘူး။ ကျွန်တော်အိပ်ရာက ထပြီး မနက်စာစားတော့မယ်ဆိုရင် သူမက သားကိုရေချိုးပြင်ဆင်ပေးပြီးရင် မူကြိုပို့ပေးပြီ။ အိမ်ရဲ့စရိတ်ကာမိအောင် အလုပ်မထွက်ခဲ့တဲ့သူမက သားကိုမူကြိုပို့ပေးပြီး အလုပ်တစ်ခါတည်းသွားပြီလေ။

ကျွန်တော့်ရဲ့အိမ်ထောင်ရေးဟာ အဓိပ္ပါယ်မဲ့နေပြီလို့ ခံစားလာရတော့တယ်။ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ မျက်နှာမသာမယာနဲ့ လောကကိုစိတ်ပျက်နေတဲ့ မိန်းမမျက်နှာကို မြင်ရတယ်။ သားရဲ့ငိုသံတွေ၊ မိန်းမရဲ့ဆူညံသံတွေကို ကျွန်တော်စိတ်ပျက်လာတယ်။ ကျွန်တော်ရုံးကနေ နောက်ကျပြီးပြန်လာတယ်။ ညစာကိုပါ အပြင်က စားခဲ့လိုက်တယ်။ အိမ်ရောက်ရင်လည်း တစ်ခါတည်း တန်းအိပ်တော့တာပဲ။ မနက်လည်း မိန်းမက အလုပ်သွားပြီဆိုမှ အောက်ထပ်ကိုဆင်းလာတော့တယ်။ ဘာ့ကြောင့်မှန်းမသိ ကျွန်တော့်မိန်းမကို ရှောင်နေမိတယ်။

မိန်းမဒိုင်ယာရီ

ကျွန်မရဲ့အိမ်ထောင်ရေးကို ကျွန်မစိတ်ကုန်နေပြီ။ မနက်မိုးလင်းချိန်ကနေ မိုးချုပ်တဲ့အထိ အိမ်အလုပ်လုပ်ရတယ်။ ရုံးသွားရတယ်။ မနက်မိုးလင်းပြီဆို ယောက်ျားက အိပ်လို့ကောင်းတုန်း ကျွန်မကတော့ ထပြီး သူထလာရင် အဆင်သင့်ဖြစ်အောင် သွားတိုက်တံကအစ၊ မျက်နှာသုတ်ပုဝါအထိ ပြင်ဆင်ပေးထားရတယ်။ သူမနက်စာစားဖို့ အဆင်သင့်ပြင်ထားပေးရတယ်။ ညနေအိမ်ပြန်ရောက်ရင်လည်း မနားရပါဘူး။ နောက်နေ့အတွက်ပြင်ဆင်ရ၊ ညစာချက်ရနဲ့ လုံးပန်းနေတဲ့အချိန် ကိုယ်တော်ချောကတော့ တီဗွီကြည့်လိုက် ဖုန်းပွတ်လိုက်နဲ့ ဟုတ်နေတာပဲ။ ကျွန်မမှာတော့ သားလေးကို ချော့လိုက်ခြောက်လိုက်နဲ့ ထမင်းကျွေးရ၊ သိပ်ရနဲ့ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ စိတ်ညစ်နေရတဲ့အချိန်မှာ ယောက်ျားကတော့ အပြင်မှာလည်လို့ကောင်းတုန်း၊ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားလုပ်တုန်းပဲ။ အိမ်ရဲ့ဝင်ငွေကို ရဖို့ တန်းတူညီတူ ငွေရှာရတယ်ဆိုရင် အိမ်ရဲ့အလုပ်တွေကကျတော့ ဘာ့ကြောင့်မိန်းမနဲ့ပဲ သက်ဆိုင်နေတာလဲ။ ခေတ်တွေပြောင်းလာလို့ မိန်းမတွေကအလုပ်လုပ်နေရပေမယ့် ယောကျာ်းတွေကကော ဘာ့ကြောင့် ရှေးခေတ်ကလိုပဲ အိမ်အလုပ်တွေနဲ့ မဆိုင်သလို နေနေတာလဲ။ “မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတာ အိမ်အလုပ်တွေနဲ့ မဆိုင်ဘူးလား”။ ဒီအိမ်ထောင်ရေးမှာ ကျွန်မပင်ပန်းနေပြီ။ ကျွန်မချစ်တဲ့ယောက်ျား။ ကျွန်မချစ်တဲ့သားလေးရှိနေတဲ့ ဒီမိသားစုကမ္ဘာလေးဟာ ဘာကြောင့်ကျွန်မကို ပင်ပန်းနေစေတာလဲ။ ကျွန်မယောက်ျားကိုအရင်ကလို ချွဲနွဲ့ဖို့မပြောနဲ့ ရန်စကားတွေပြောမိမှာစိုးလို့ ရှောင်ဖယ်နေရတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စာချစ်သူတို့ရေ….။

အထက်ပါအဖြစ်အပျက်လေးဟာ ယနေ့ခေတ် အိမ်ထောင်ရှင်တွေမှာဖြစ်တတ်တဲ့ သဘောတရားလေးတွေထဲက တစ်ခုပါပဲ။ အမျိုးသမီးတွေဟာလည်းပဲ အိမ်ရဲ့အသုံးစရိတ်တွေကို ကူညီပေးဖို့ အလုပ်ထွက်လုပ်နေကြပြီဆိုပေမယ့် အမျိုးသားအများစုကတော့ အိမ်အလုပ်တွေနဲ့ မဆိုင်သလို နေနေတုန်းပါပဲ။ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခု တည်ထောင်ချင်တယ်ဆိုရင် အိမ်ထောင်ရေးမှာရှိနေတဲ့အခန်းကဏ္ဍတိုင်းကို အချိုးညီညီဆောင်ရွက်တတ်ဖို့အရေးကြီးပါတယ်။

ရုံးကပြန်လာတဲ့ အမျိုးသမီးက ညစာချက်နေတုန်းမှာ အမျိုးသားက ကလေးနဲ့အတူတူ ကစားပေးတာမျိုး၊ ပန်းကန်ကူဆေးပေးတာမျိုးသာ လုပ်ပေးခဲ့ရင်၊ မနက်စာချက်နေတုန်းမှာ အမျိုးသားက ကလေးကိုရေချိုးပေးတာ၊ ကျောင်းသွားဖို့ပြင်ဆင်ပေးတာမျိုးလုပ်ပေးခဲ့ရင် အမျိုးသမီးရဲ့ ပုခုံးပေါ်က ဝန်တွေက ဘယ်လောက်များလျော့သွားလိုက်မလဲ။ အမျိုးသမီးနဲ့အတူတူ မီးဖိုခန်းထဲမှာ ပန်းကန်အတူဆေးရင်း၊ အဝတ်အတူတူလှမ်းရင်း ရိုမန့်တစ်ဆန်တဲ့ အခိုက်အတန့်တွေကိုလည်း ဖန်တီးလို့ရပါသေးတယ်။

သင်ကော…. သင့်ရဲ့အမျိုးသမီးကို အိမ်အလုပ်တွေမှာ ကူပေးသင့်တယ်လို့ထင်လား။