ဘဝမှာ ပျော်ရွှင်ခြင်းက ဘာကြောင့် အရေးကြီးတာလဲ

blank
Businessman chooses a smile emoticon icons face happy symbol on wooden block , Services and Customer satisfaction survey concept

တစ်ခါက မိခင်တစ်ယောက်ဟာ ‘ဘဝမှာ အရေးအကြီးဆုံးအရာက ပျော်ရွှင်ခြင်း’ ဆိုပြီး သားဖြစ်သူကို ပြောပြခဲ့ဖူးတယ်။ ဒါနဲ့ သားဖြစ်သူ ကျောင်းရောက်တော့ ဆရာမ မေးတဲ့ ဘဝရည်မှန်းချက်ဆိုတဲ့ မေးခွန်းကို  ‘ကျွန်တော် ပျော်ရွှင်ချင်တယ်’  ဆိုပြီး ဖြေလိုက်တော့တာပေါ့။ ဆရာမက သူ့ရည်မှန်းချက်ကို ကြည့်ပြီး ‘မင်းက မေးခွန်ကို နားမလည်ဘူး’ လို့ပြောတဲ့အခါ အတန်းဖော်တွေရဲ့ ဟားတိုက်ရယ်မောတာကိုပါ ခံလိုက်ရတော့တာပေါ့။  ကလေးငယ်က သူ့ကိုဝိုင်းရယ်ကြတဲ့ ဆရာမနဲ့ အတန်းဖော်တွေကို ကြည့်ပြီး “သူတို့က ဘဝကို နားမလည်ဘူး” လို့ ပြန်ပြောလိုက်သတဲ့။

ပျော်ရွှင်ခြင်းဆိုတာ ကျွန်မတို့အားလုံး လိုလိုချင်ချင်နဲ့ တောင့်တနေကြရတဲ့ အရာတစ်ခုပါ။ ကျွန်မတို့ ကိုယ်တိုင်က ပျော်ရွှင်နေတယ်ဆိုရင် ကျွန်မတို့ အနီးအနားက လူတွေကိုလည်း အလိုလိုပျော်ရွှင်လာစေတယ်နော်။ ဟားဗတ်တက္ကသိုလ်က ကျောင်းသားတွေကို စစ်တမ်းကောက်ယူချက်အရ ကျောင်းသားဦးရေထဲက ၈ဝ% က ချမ်းသာချင်ကြတယ်။ ၅ဝ % ကတော့ ကျော်ကြားချင်ကြတယ် လို့ သိရပါတယ်။ ဒီစစ်တမ်းတွေအရ ကျောင်းသားလူငယ်တွေဟာ ကျော်ကြားပြီး ချမ်းသာလိုကြတာကို မြင်တွေ့ရပါတယ်။  အောင်မြင်ကျော်ကြားမှုနဲ့ ငွေကြေးချမ်းသာမှုတို့က ပျော်ရွှင်ခြင်းကို ဆောင်ကျဉ်းပေးလိမ့်မယ်လို့ လူငယ်တွေ ထင်မှတ်နေကြတယ်။

ဒါဆိုရင် အောင်မြင်နေတဲ့ သူဌေးအများစုဟာ စိတ်ကျရောဂါကို ဘာကြောင့် ခံစားနေကြရတာလဲ။ လူတွေဟာ အိမ်ကြီးကြီးမှာနေပြီး အိပ်ရာအကောင်းစားတွေနဲ့ ဇိမ်ကျကျနေနိုင်ဖို့ အတွက် ပိုက်ဆံတွေ ပိုရှာလာကြတယ်။ ၃ဝ % သော လူတွေဟာ ညအချိန် အိပ်ပျော်ဖို့ ခဲယဉ်းလာတတ်ကြတယ်။ အောင်မြင်မှုနောက်ကို ပိုပိုပြီးလိုက်လာကြတယ်။ ဒါက စိတ်ကျေနပ်မှုကို မပေးစွမ်းနိုင်ဘူး ဆိုပေမဲ့လည်းပေါ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မိသားစုကို ကျွေးမွေးဖို့ အလုပ်လုပ်တာမှန်ပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ မိတ်ဆွေ တွေကို သတ်သတ်မှတ်မှတ် အချိန်ပေးပြီး နွေးထွေးပေးဖို့လည်း လိုပါတယ်။ နေရာအသစ်အဆန်းတွေကိုရောက်ရှိသွားရင်လည်း စူးစမ်းလေ့လာဖို့ထက် ဓာတ်ပုံရိုက်ဖို့ကိုပဲ ပိုပိုပြီး စိတ်ဝင်စားလာကြတယ်။ နည်းပညာတွေ တိုးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာပိုမိုလျင်မြန်တဲ့ကားတွေ၊အသင့်စားလို့ရနိုင်တဲ့ အစားအစာတွေနဲ့ ဘာမဆိုအဆင်သင့်နေတာပါပဲ။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် ဘဝလမ်းကြောင်းတွေတော့ ပျောက်နေတတ်ကြတယ်။

လူတွေရဲ့ ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းတွေဟာ အလုပ်နဲ့ လူနေမှုအဆင့်အတန်းအောက်မှာ ပျောက်သွားတတ်ကြတယ်။ ငွေကြေးချမ်းသာမှု၊ အောင်မြင်ကျော်ကြားမှုတွေ၊ ပိုင်ဆိုင်မှုတွေက ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျမနေပါဘူး။ လူတွေကို အမှန်တကယ် ပျော်ရွှင်ပြီး ကျန်းမာရွှင်လန်းလာစေတဲ့ အကြောင်းအရင်းတွေက ရင်းနှီးနွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကနေ ရရှိလာတာပါ။    အချစ်ခံရဖို့ဆိုတာ ငွေကြေး ရှိတာ၊မရှိတာ အောင်မြင်တာ၊မအောင်မြင်တာနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်မတို့တတွေဟာ ဘဝအတွက်အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ကိုယ်တိုင်ရဲ့ စိတ်ကျေနပ်မှုတို့ကို ရှာဖွေကြမယ့်အစား အောင်မြင်မှု၊ ငွေကြေးနဲ့ အသိအမှတ်ပြုခံရမှုတွေ နောက်ကိုပဲ လိုက်နေမိတတ်ကြတယ်။ အရာဝတ္ထုပစ္စည်းတွေကို ရေတွက်ပြီး ဘယ်လောက်ချမ်းသာတယ်ဆိုတာ ပြောလို့ရရင်ရမယ်။ အခက်အခဲရောက်ရင် ကူညီပေးမယ့်သူတွေ နွေးထွေးပေးမယ့်သူတွေကိုတော့ ဘာနဲ့မှ တိုင်းတာလို့ မရနိုင်ပါဘူး။ အလုပ်မှာ တိုးတက်အောင် ရင်းနှီးမြုပ်နှံထားသလိုမျိုး ပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်နေသဘောထားတွေ တိုးတက်မြင့်မားလာအောင်လည်း အချိန်ပေးပြီး လုပ်ကြည့်သင့်ပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပိုသိလာလေလေ အနားမှာ ရှိတဲ့သူတွေနဲ့ ရင်ဘတ်ချင်း ပိုနီးလာလေလေပါပဲ။ ချစ်ရတဲ့သူတွေကို အလေးမထားမိတာမျိုးတွေ မဖြစ်စေဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

ကိုယ်ကချစ်တာ အသိအမှတ်ပြုတာကို စကားလုံးလေးတွေနဲ့ပဲဖြစ်ဖြစ် အပြုအမူတွေနဲ့ပဲ ဖြစ်ဖြစ် တစ်ဖက်လူသိအောင် ဖော်ပြပေးလိုက်ပါ။ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ အတူတူ မျှဝေခံစားကြရတာပါ။

သင်ဆိုရင်ရော ပျော်ရွှင်မှုနောက်ကို လိုက်မှာလား၊ ငွေကြေးနောက်ကို လိုက်မှာလား။