သတ္တိနဲ့ သတိဘယ်ဟာ ပိုအရေးကြီးလဲ…။

blank

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အကြောင်းတွေကို သတင်းတွေမှာဖတ်ဖူးတယ်။ အဖြစ်အပျက်တွေကြားဖူးတယ်။ ကိုယ့်များအကြမ်းဖက်ခံရရင် ဒီလိုတွေလုပ်ပစ်မယ်။ ဟိုလိုတုံ့ပြန်ပစ်မယ် စသဖြင့်စဉ်းစားထားခဲ့ဖူးတယ်။ တကယ်အဲ့ဒီလိုတွေ ကြုံတွေ့ရတဲ့အခါမှာကော တကယ်အဲ့ဒီလို တုံ့ပြန်နိုင်ဖို့ ခက်ခဲတယ်ဆိုတာကို ကျွန်မကိုယ်တွေ့သိခဲ့ရတယ်။

ကျွန်မကလုပ်ငန်းတစ်ခုကို ဦးစီးပြီးလုပ်ကိုင်နေတဲ့ ခေတ်ရဲ့သမီးပျိုတစ်ယောက်ပါ။ သွက်သွက်လက်လက်ရဲရဲရင့်ရင့်နဲ့ ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်နေတဲ့သူပေါ့။ တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်တစ်ဆိုင်မှာ လုပ်ငန်းအကြောင်းဆွေးနွေးတိုင်ပင်ရင်း မိုးတော်တော်ချုပ်သွားခဲ့တယ်။ သူငယ်ချင်းက လိုက်ပို့ရမလားလို့မေးပေမယ့် “အမလေး… ငါကဘာကိုကြောက်ရမှာတုန်း” လို့ စနောက်ပြီးတောင် ထွက်ခဲ့လိုက်သေးတယ်။ အပြင်ရောက်တော့ လမ်းတွေမှာလူတော်တော်ရှင်းနေတယ်ဆိုတာကို သတိပြုမိလိုက်တော့ နည်းနည်းတော့ ကျောချမ်းသွားမိတယ်။ ဒါပေမဲ့ ကျွန်မသူငယ်ချင်းကို “လိုက်ပို့ပါ” ဆိုတဲ့ စကားကို မပြောချင်တော့ဘူးလေ။ ကျွန်မကသတ္တိခဲမဟုတ်လား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဖြစ်ချင်တော့ အဲ့ဒီနေ့က ကျွန်မကားပါမလာခဲ့ဘူး။ ဆိုင်ကယ်နဲ့ဆိုတော့ နည်းနည်းတော့ ကြောက်မိသား။ ဟန်ကိုယ်ဖို့ဆိုတဲ့စကားလို ဆိုင်ကယ်ကိုမြန်မြန်မောင်းပြီး ထွက်လာခဲ့တယ်။ ရှင်းလင်းနေတဲ့ လမ်းမပေါ်မှာ ကျွန်မဆိုင်ကယ်တစ်စီးတည်း။ မကြာခင်မှာ ကျွန်မဆိုင်ကယ်နောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်မောင်းလာတာကိုတွေ့လိုက်ရတယ်။ ကျွန်မသတိအနေအထားနဲ့ မောင်းလာတုန်းမှာ အနောက်မှာထိုင်နေတဲ့လူက ကျွန်မတင်ပါးကို ဖျောင်းခနဲရိုက်သွားတယ်။ ကျွန်မလန့်ပြီး ဆိုင်ကယ်ကို အသားကုန်မောင်းခဲ့တယ်။ အဲ့ဒီအချိန်မှာသူတို့ကလည်း ကျွန်မနောက်ကိုလိုက်လာနေကြတယ်။

အဲ့ဒီအချိန်ဟာ ကျွန်မဘဝရဲ့ အတုန်လှုပ်အခြောက်ခြားဆုံးအချိန်တွေပါပဲ။ သူတို့က ကျွန်မဘေးကနေလိုက်လာလိုက်၊ အရှေ့ကနေမောင်းလိုက်လုပ်နေတယ်။ သူတို့ကျွန်မကိုဘာလုပ်ကြမှာလဲ။ ကျွန်မကိုသတ်လိုက်ရင်ကော။ သွက်လက်ထက်မြက်ပါတယ်ဆိုတဲ့ ကျွန်မ၊ သတ္တိရှိပါတယ်ဆိုတဲ့ကျွန်မ တကယ့်အချိန်မှာ ဘာမှတွေးမရအောင်ဖြစ်နေခဲ့တယ်။

အဲ့ဒီအချိန်မှာ လမ်းပေါ်မှာရှိနေတဲ့ ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်ကို ကျွန်မသတိရသွားတယ်။ အဲ့ဒီဆိုင် security ရှိတတ်တယ်ဆိုတာကိုလည်း သတိရသွားတယ်။ အဲ့ဒီဆိုင်နားကို ဆိုင်ကယ်ကို ရပ်လိုက်တဲ့အခါမှာ သူတို့က မလှမ်းမကမ်းမှာရပ်နေတုန်းပဲ။ ကျွန်မဆိုင်ထဲကိုဝင်ပြီး အိမ်ကိုဖုန်းဆက်လိုက်ရတယ်။ ကျွန်မအိမ်ကလူတွေ လာကြိုဖို့ရောက်လာတဲ့အချိန်မှ အဲ့ဒီလူတွေ ထွက်ပြေးသွားတော့တယ်။

အဲ့ဒီအဖြစ်အပျက်အကြောင်းတွေးမိရင် အခုထိ တွေးကြောက်နေတုန်းပဲ။ အဲ့ဒီနေ့ကသာ အကြောက်တရားက ကျွန်မကိုအနိုင်ရသွားခဲ့ရင် ကျွန်မဘာတွေဖြစ်နေမလဲ ဘယ်သူမှမသိနိုင်ဘူး။ သတ္တိနဲ့သွားလာဖို့ထက် ဉာဏ်နဲ့သွားလာဖို့က အရေးကြီးတယ်ဆိုတာကို နားလည်လာတယ်။ အခုဆိုရင် ကျွန်မမိုးချုပ်တဲ့အချိန်အထိ အပြင်မှာမနေဖြစ်တော့ဘူး။ မလွှဲသာလို့ သွားလာရရင် အဖော်နဲ့သွားတယ်။ အခုတော့ သတ္ထိထက်သတိက ပိုအရေးကြီးတယ်ဆိုတာကို ကျွန်မနားလည်သွားပြီ။ သင်ကော။