တချို့ချစ်သူစုံတွဲတွေ ပွေ့ဖက်နမ်းရှုံ့တဲ့အခါ၊ အတူတူနေတဲ့အခါ ဘာကြောင့်မှတ်တမ်းတင်ထားတတ်ကြတာလဲ။

blank

စာချစ်သူတို့ရေ….။

တချို့ချစ်သူစုံတွဲတွေဟာ ချစ်သူနဲ့ ပွေ့ဖက်နမ်းရှုံ့နေတဲ့ပုံတွေ၊ အတူတူနေနေတဲ့ပုံတွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ထားတတ်ကြပါတယ်။ စိတ်ပညာရှင်တွေကတော့ အဲ့ဒီလို မှတ်တမ်းတင်ထားခြင်းဟာ….

၁။ ချစ်သူနဲ့ ချစ်တင်းနှောတာကို သိမ်းထားချင်လို့။

၂။ အပြာကားတွေ အကြည့်များသွားပြီး ကိုယ်တိုင်လည်း အဲ့ဒီလို ဗွီဒီယိုမှတ်တမ်းတွေ ရှိချင်လို့။

၃။ အပေါင်းအသင်းတွေကို ကြွားချင်လို့။

၎။ အကြပ်ကိုင်၊ ခြိမ်းခြောက်ဖို့အသုံးချချင်လို့ စတာတွေကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ချစ်သူကို ယုံကြည်စိတ်ချတာ၊ ချစ်မြတ်နိုးတာကြောင့် ချစ်သူနဲ့ နှစ်ဦးသဘောတူ အတူတူနေတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုအတူတူနေလိုက်ခြင်းရဲ့ နောက်ဆက်တွဲအကြောင်းအရာတွေ၊ ရလဒ်တွေအတွက် ကိုယ်ကိုယ်တိုင်တာဝန်ယူနိုင်ရဲ့လား၊ အကျိုးဆက်တွေကို လက်ခံနိုင်ပြီလားဆိုတာကို သေချာစဉ်းစားဖို့လိုပါတယ်။ ချစ်သူနဲ့အတူတူနေလိုက်တာတောင်မှ နောက်ကွယ်မှာ အကျိုးဆက်တွေ အများကြီးရှိနိုင်တယ်ဆိုရင် ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့ မှတ်တမ်းလိုက်မယ်ဆိုရင် ဘာတွေဖြစ်မယ်လို့ ထင်လဲ။ သင်တို့နှစ်ယောက်ကြားက အဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ ဘယ်သူမှထိန်းချုပ်လို့ မရနိုင်တဲ့ ရလဒ်တွေဖြစ်လာနိုင်တယ်ဆိုတာကိုကော သိလား။ အဲ့ဒီရလဒ်တွေကပေးမယ့် ကောင်းခြင်း၊ဆိုးခြင်းတိုင်းကို မတုန်မလှုပ်ရင်ဆိုင်နိုင်မှာလား။ အဲ့ဒီမှတ်တမ်းတွေသာ ပေါက်ကြားသွားခဲ့ရင် ခံနိုင်ရည်ရှိပါ့မလားဆိုတာတွေကို သင့်ကိုယ်သင်ပြန်မေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သင်အမှတ်မထင်လုပ်လိုက်တဲ့ အပြုအမူလေးတစ်ခုဟာ နောက်ပိုင်းမှာသင့်ကိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နိုင်မယ့် အကြောင်းအရာတစ်ခု၊ ငွေညှစ်ဖို့၊ လိင်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ဖို့အတွက် အသုံးပြုနိုင်တဲ့ အရာတစ်ခုလည်းဖြစ်သွားနိုင်တယ်ဆိုတာကို မှတ်ထားပါ။ တချို့ကောင်လေးတွေဆိုရင် အဲ့ဒီလိုဗွီဒီယိုတွေကို အကြပ်ကိုင်ပြီး သူတို့အလိုရှိတိုင်း ခန္ဓာကိုယ်ကိုတောင်းဆိုတာမျိုး၊ အချစ်ရေးအဆင်မပြေတာတောင် လမ်းခွဲမပေးဘဲ အနိုင်ကျင့်နေတာမျိုး၊ အခြားလူတစ်ယောက်နဲ့ လက်ထပ်တော့မယ့်အချိန်မှာ အဲ့ဒါနဲ့ခြိမ်းခြောက်ပြီး လက်ထပ်ပွဲကိုဖျက်တာမျိုးတွေလုပ်တတ်ပါတယ်။ ချစ်သူကိုချစ်ပါ။ ယုံကြည်ပါ။ ဒါပေမဲ့ အနာဂတ်မှာဖြစ်လာနိုင်တဲ့အရာတွေကိုတော့ မျက်ကွယ်ပြုမထားပါနဲ့။ နှစ်ယောက်အကြားက အကြောင်းအရာတွေကို နှစ်ယောက်ကြားမှာပဲထားပါ။

ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ထားတော့မယ်ဆိုရင်တော့ “ပျံ့သွားခဲ့ရင် ခံနိုင်ရည်ရှိမလား” ဆိုတာကိုယ့်ကိုယ်ကိုယ်မေးဖို့ မမေ့ပါနဲ့။