ချစ်သူများနေ့မှာ ဘာကြောင့်နှင်းဆီပန်းလက်ဆောင်ပေးကြတာလဲ။

blank

ချစ်သူများနေ့ ရောက်တော့မယ်ဆိုတော့ ချစ်သူကို ဘာလက်ဆောင်ပေးရမလဲ တွေးတွေးပြီး ခေါင်းခြောက်နေလား။ Crush ကို ဘာလက်ဆောင်ပေးရမလဲလို့ တွေးပူနေလား။ ဒါဆိုရင်တော့ သင့်ကိုအကြံတစ်ခုပေးရလိမ့်မယ်။ ကရိကထလည်း မများ၊ ဝယ်ရလွယ်ကူတဲ့ နှင်းဆီပန်းလေးတွေဟာ သင့်ချစ်ခြင်းတွေကို ဖော်ထုတ်ဖို့ အကောင်းဆုံးလက်ဆောင်ပါ။

နှင်းဆီပန်းဟာ ဂရိနတ်မိမယ် Aphrodite နဲ့ ဆက်စပ်နေတဲ့ ဒဏ္ဍာရီတွေရှိနေတယ်လို့ ဂရိဒဏ္ဍာရီတွေရဲ့ အဆိုအရလေ့လာရပါတယ်။ အဲ့ဒီဒဏ္ဍာရီအရ နှင်းဆီပင်တွေဟာ Aphrodite ရဲ့ ချစ်သူ Adonis အတွက်ကျတဲ့ မျက်ရည်တွေကနေတစ်ဆင့် ပေါက်လာခဲ့တယ်ဆိုပါတယ်။ Aphrodite ဟာ ဗီးနပ်စ် အဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ယုံကြည်တဲ့အတွက်  Romans တွေရဲ့ခေတ်မှာ နှင်းဆီပန်းကို ချစ်ခြင်းမေတ္တာနဲ့ အလှအပရဲ့ သင်္ကေတအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ချစ်သူများနေ့မှာ နှင်းဆီပန်းပေးတဲ့ အလေ့အထဖြစ်လာခဲ့တာပေါ့။

ပါးရှားနဲ့ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေကလည်း အရောင်၊ အဆင်းနဲ့ အနံ့နဲ့ ပြည့်စုံပြီး ထူးခြားတဲ့စွဲဆောင်မှုရှိနေတဲ့ နှင်းဆီပန်းဟာ “ချစ်ခြင်းမေတ္တာ” ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်တယ်လို့ ယူဆပြီး နှင်းဆီပန်းလက်ဆောင်ပေးလာခဲ့ကြပါတယ်။

ရဲရဲနီနေတဲ့ နှင်းဆီပန်းတစ်ပွင့်ဟာ တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မြတ်နိုးနေပြီဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ နှင်းဆီပန်းတစ်ပွင့်က မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတဲ့ အဓိပ္ပါယ်၊ နှစ်ပွင့်က အပြန်အလှန်ချစ်မြတ်နိုးနေပြီဆိုတဲ့ အဓိပ္ပါယ်၊ သုံးပွင့်ကတော့ “I Love You” ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ နှင်းဆီပန်း (၁၃) ပွင့်ကတော့ သင့်ကိုတိတ်တခိုးမြတ်နိုးနေပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ကဲ… ချစ်သူအတွက်အခုပဲ နှင်းဆီပန်းလှလှလေးတွေ ဝယ်ပြီးပေးလိုက်ပါတော့နော်။