စိတ်ညစ်စရာတွေကို မျိုသိပ်ထားလိုက်တာနဲ့ စိတ်သက်သာရာရမယ်လို့ ထင်နေသလား။

blank

လောကကြီးမှာ လှုပ်ရှားရုန်းကန်နေရတဲ့သူ တော်တော်များများဟာ သူတို့ရဲ့ဝမ်းနည်းမှု၊ စိတ်ဖိစီးမှုတွေကို ဘယ်သူမှမမြင်အောင် ဖုံးကွယ်ထားတတ်ကြပါတယ်။ အဲဒီလိုဖုံးကွယ်ရင်း တစ်ခါတလေမှာ အချိန်နှောင်းသွားပြီး ထွက်ပေါက်ရှာတဲ့အနေနဲ့ ဘဝကို အဆုံးသတ်ပစ်လိုက်တာတွေလည်း ရှိတတ်ကြတယ်လေ။

စိတ်ဖိစီးမှုတွေများနေပြီး စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်အတွက် အရေးကြီးဆုံးက ကူညီဖေးမမှုတွေ၊ နှစ်သိမ့်အားပေးမှုတွေ ရရှိဖို့ပါပဲ။ ဒါပေမဲ့ မျိုသိပ်ဖုံးကွယ်တတ်တဲ့သူတွေကတော့ သူတစ်ပါးကို သူ့အဆင်မပြေမှုတွေပြောပြရမှာ၊ သူတစ်ပါးဆီက နှစ်သိမ့်အားပေးမှုကို လက်ခံရမှာ၊ သနားကြည့်နဲ့ ကြည့်ခံရမှာကို စိုးရွံ့တတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့ဟာ စိတ်ဓာတ်ကျနေတဲ့သူကို အားပေးနှစ်သိမ့်ဖို့လိုအပ်သလို ကျွန်မတို့ စိတ်ဓာတ်ကျတဲ့အခါမှာလည်း အားပေးနှစ်သိမ့်မှုကို ခံယူဖို့လိုအပ်ပါတယ်။ ဒါဟာ အသနားခံတာ၊ အကူအညီတောင်းတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျတာကို ကြိတ်မှိတ်ခံစားနေခြင်းကြောင့် အလုပ်တာဝန်ပျက်ကွက်တာတွေ၊ နိစ္စဓူဝကိစ္စလေးတွေကိုတောင် မလုပ်နိုင်တော့တာတွေ ဖြစ်တတ်တဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ခံစားနေရတာတွေ၊ စိတ်ညစ်နေရတာတွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောလိုက်တော့မှ “ငါလည်း စိတ်ညစ်နေရတာ”၊ “ငါ့ညီမလည်း အဲဒီလိုပဲ ခံစားနေရတာ”၊ “ငါ့အမေလည်း စိတ်ညစ်နေရရှာတာ” စတဲ့ သူများတွေရဲ့ စိတ်ညစ်စရာအကြောင်းတွေ ကြားသိလာရပြန်ပါရော။ အဲဒီအချိန်ကျမှ လောကကြီးမှာ ဒီလိုစိတ်ညစ်နေရတာက “ကျွန်မတစ်ယောက်တည်းမဟုတ်ပါလား” ဆိုပြီး အနည်းငယ် စိတ်သက်သာရာရခဲ့ပါတယ်။

ကျွန်မတို့အနေနဲ့ စိတ်ညစ်နေတဲ့သူတွေသူငယ်ချင်းတွေကို အားပေးနှစ်သိမ့်ဖို့လည်း လိုပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အပြုံးတွေ အသက်မပါတော့ဘူးဆိုရင်၊ ဟာသတစ်ခုခုကြားတိုင်း ဟန်ဆောင်ရယ်မောနေတယ်ဆိုရင်၊ တခြားသူတစ်ယောက်လို အမူအကျင့်တွေ ပြောင်းနေတယ်ဆိုရင် သူ့မှာ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတစ်ခုခု ရှိနေတာ သေချာပါတယ်။

ဒါဆိုရင် ကျွန်မတို့ စိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းကို ဘယ်လိုနှစ်သိမ့်ကြမလဲ။ လွယ်ပါတယ်။ သူ့ကို အဆင်ပြေလား မေးရမယ်။ ပြီးတော့ သူ့ရဲ့ ပြောင်းလဲနေတဲ့အမူအရာတွေကို ထောက်ပြရမယ်။ သူရင်ဖွင့်လာရင် သေသေချာချာနားထောင်ပြီး သူဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကို မေးပါ။ လူတစ်ယောက်နဲ့တစ်ယောက် ပြဿနာချင်းမတူသလို၊ ဖြေရှင်းနည်းချင်းလည်း မတူပါဘူး။ ဒါ့ကြောင့် သူ့ရဲ့ ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ အကောင်းဆုံးအကြံဉာဏ်လေးတွေ ကူပြီး စဉ်းစားပေးပါ။ ပြီးတော့ “နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ဆောင်မခြင်း” နဲ့ တတ်နိုင်သလောက် ကူညီပေးရပါမယ်။ ဒီလိုနှစ်သိမ့်ကူညီပေးခြင်းက သူ့အတွက်လည်း စိတ်သက်သာရာရစေသလို ကိုယ်တိုင်အတွက်လည်း ကောင်းကျိုးပီတိဖြာစေပါတယ်။

ကဲ… ဂန္ထဝင်ပရိတ်သတ်ကြီးရေ သင့်ဘေးနားမှာရှိတဲ့ စိတ်ဓာတ်ကျနေသူတွေကို ကူညီနှစ်သိမ့်ပေးဖို့ မတွန့်ဆုတ်ပါနဲ့။ ပြီးတော့ သင်စိတ်ဓာတ်ကျတဲ့အခါမှာလည်း ချစ်ရခင်ရသူတွေကို ရင်ဖွင့်ပြောပြဖို့ တွေဝေမနေပါနဲ့လို့ အကြံပေးတိုက်တွန်းလိုက်ပါရစေရှင်။

သူငယ်ချင်းတွေဖတ်ဖို့ SHARE လိုက်ပါဦးနော်။