ဝတယ်လို့ အလှောင်ခံရခြင်းရဲ့ နောက်ကွယ်မှာ…

blank

ကျွန်မမှတ်မိသလောက်တော့ ကျွန်မတစ်သက်မှာတစ်ခါမှကိုမပိန်ခဲ့ဖူးပါဘူး။ တခြားကလေးတွေ ပေါင် ၇ဝ ဝန်းကျင်လောက်ပဲရှိတဲ့အချိန်မှာ ကျွန်မကပေါင် ၁၁ဝ လောက်ရှိနေခဲ့တာကိုလည်းမှတ်မိတယ်။

ကျွန်မငယ်ငယ်တုန်းကဆိုရင် ကျောင်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ အမျိုးတွေ တွေ့ဆုံကြတဲ့အချိန်မှာပဲဖြစ်ဖြစ် ဝလို့ ဆိုပြီးဆိုးဆိုးဝါးဝါးကိုအလှောင်ပြောင်ခံခဲ့ရပါတယ်။ ကျောင်းမှာဆိုရင် တခြားကလေးတွေက “ဖက်တီးမ၊ ဘုတ်အီးမ၊ ဝက်မ” စသဖြင့် နာမည်ပြောင်တွေ ပေးတာကိုခံရတယ်။ အိမ်မှာဆိုရင် လူကြီးတွေကဝိတ်ကျဖို့ဘာတွေလုပ်ရမယ်၊ ဝခြင်းရဲ့ ဆိုးကျိုးစတဲ့အကြောင်းအရာတွေနဲ့ တစ်ချိန်လုံး ကျွန်မကိုတရားဟောနေပါတယ်။ ကျွန်မတကယ်လိုချင်တာဟာအပြင်ထွက်ကစားဖို့လောက်သာဖြစ်ပြီး ကျွန်မခန္ဓာကိုယ်ကိုဝေဖန်စေချင်တာမဟုတ်ဘူးဆိုတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး။

ကျွန်မဝတယ်လို့ တစ်သက်လုံးအပြောခံလာရတာဟာ ကျွန်မကိုဝိတ်မကျစေဘဲစိတ်ဓာတ်တွေသာကျစေခဲ့တာပါ။ ဒီစကားတွေကြောင့်လည်းဝိတ်ကျချင်စိတ် တစ်ခါမှကိုမပေါက်ခဲ့ဖူးပါဘူး။ အဲ့ဒီစကားလုံးတွေကြားတုန်းကဆိုရင်လေ “သူတို့ပြောတိုင်းချစရာလား” ဆိုပြီးဝိတ်ပိုတက်အောင်တောင် နေခဲ့မိပါသေးတယ်။ အခုဝိတ်ကျသွားတယ်ဆိုတာလည်းသူတို့စကားတွေကြောင့်မဟုတ်တာလုံးဝသေချာပါတယ်။ သူတို့ကိုရွဲ့ချင်ရင်တောင်မှ ဝတယ်ဆိုတာကိုယ့်ကျန်းမာရေးအတွက်လည်းမကောင်းဘူးမလား။ တချို့လူတွေကတော့ သူတို့ ဒီလိုပြောလိုက်ရင် ဝတဲ့သူတွေဟာဝိတ်ချချင်စိတ်တွေပေါက်လာပြီးပိုမိုကျန်းမာတဲ့ဘဝပိုင်ဆိုင်သွားရမယ်လို့ ထင်တတ်ကြပါတယ်။ လူ ၃ ရာခိုင်နှုန်းလောက်ကတော့ ပြောင်းလဲရင်ပြောင်းလဲသွားမှာပေါ့။ ဒါပေမဲ့ ဒီလိုအပြောခံရခြင်းက ကျွန်မတို့ကိုစိတ်ဓာတ်ကျသွားစေတာကတော့ အမှန်ပါပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တကယ်တော့ ဝတာကိုလှောင်ပြောင်ခံလိုက်ရခြင်းဟာ ကျွန်မတို့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ခံစားချက်တွေ၊ သဘောထားတွေကိုဆိုးဝါးစေခဲ့ပါတယ်။ ကျွန်မတို့ကိုကူညီနေတာလို့ သူတို့ထင်ရင် ထင်ကြမှာပါ။ တကယ်တော့ အဲ့ဒီအရာတွေဟာကူညီရာမရောက်ဘဲ ကျွန်မတို့ကိုအရမ်းနာကျင်စေခဲ့ပါတယ်။

ကိုယ့်ပုံစံကြောင့် လှောင်ပြောင်ခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေ လျော့ကျသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တစ်ခုခုမှားနေတယ်လို့ ထင်သွားတာဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန်လည်းမနေထိုင်မိတော့ပါဘူး။

တကယ်လို့မင်းဟာလည်းအဝလွန်ခြင်းကြောင့် လှောင်ပြောင်ခံနေရသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ဒါလေးတွေကိုသေချာဖတ်ရှုလိုက်ပါ။

တကယ်တော့ မင်းဟာဂရုစိုက်တတ်တဲ့၊ ချစ်ခင်တတ်တဲ့၊ ရှင်သန်နေထိုင်နေတဲ့သူတစ်ယောက်ပါ။ အပေါ်ယံတွေပဲတပ်မက်နေကြတဲ့ လောကကြီးမှာမင်းရဲ့အတွင်းစိတ်ကလေးကိုပဲပိုတန်ဖိုးထားကြည့်ပါ။ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကပဲ နှလုံးသားတွေကို နွေးထွေးစေနိုင်တာပါ။ တကယ်တော့ မင်းခန္ဓာဟာမင်းမဟုတ်ပါဘူး။ မင်းစိတ်ကသာမင်းကိုကိုယ်စားပြုနိုင်တာပါ။နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မင်းဟာတခြားသူတွေရဲ့အတွေးတွေမဟုတ်ပါဘူး။ မင်းကိုယ်မင်းပိုင်ပါတယ်။

ဝလို့ စိတ်အားငယ်နေတတ်တဲ့သူငယ်ချင်းလေးတွေကိုမန်းရှင်းခေါ်ပြီးအားပေးလိုက်ကြပါဦးနော်။