သင့်ဘဝတန်ဖိုးဆိုတာ သင်ကိုယ်တိုင် တည်ဆောက်ယူရတဲ့အရာပါ။

blank

တစ်ခါက တက္ကသိုလ်တစ်ခုက ပါမောက္ခဆရာကြီးတစ်ဦးဟာ သူ့ရဲ့အတန်းကို ၂ဝဝ ရာတန်အကြွေလေးကိုင်ပြီး ဝင်လာပါတယ်။ ပြီးတော့ အတန်းထဲက ကျောင်းသားဦးရေ ၂ဝဝ လောက်ရှေ့မှာ “ ဒီအကြွေ ၂ဝဝ ကို ဘယ်သူလိုချင်လဲ ” လို့ မေးလိုက်ပါတယ်။ ကျောင်းသား ၂ဝဝ လုံးက လက်ထောင်ကြပါတယ်။ အဲ့ဒီအခါ “ ဟာ…အံ့သြစရာပဲ ” လို့ သူကပြောလိုက်ပါတယ်။ ပြီးတော့ “ ဆရာ မင်းတို့ကို မပေးခင် မေးခွန်းတစ်ခုလောက် မေးမယ်နော် ” လို့ ပါမောက္ခက ပြောပြီး ၂ဝဝ တန်ကို ထက်ပိုင်း ခေါက်ချိုးလိုက်ပါတယ်။ “ ကဲ..အခုဒီအကြွေကို ဘယ်သူလိုချင်သေးလဲ ” လို့ မေးလိုက်ပါတယ်။ ကျောင်းသား ၂ဝဝ လုံး လက်ထောင်ကြပြန်ပါတယ်။ အဲ့ဒီနောက် “ ခဏနော် ” ဆိုပြီး ပါမောက္ခက ၂ဝဝ တန်ကို လက်နဲ့လုံးချေပစ်လိုက်ပြန်တယ်။ ပြီးတော့ “ ကဲ..အခုရော ဒီပိုက်ဆံကို လိုချင်ကြသေးလား ” လို့ ထပ်မေးလိုက်ပါတယ်။ ကျောင်းသားအားလုံး လက်ထောင်ပြနေကြတုန်းပါပဲ။ ပါမောက္ခဟာ ကြမ်းပြင်ပေါ်မှာ ၂ဝဝ တန်ကို ပစ်ချပြီး ဖိနပ်နဲ့နင်းချေပစ်လိုက်ပြန်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပိုက်ဆံ အနွမ်းလေးကို ပြန်ကောက်ပြီး “ လိုချင်ကြသေးလားဟေ့ ”  လို့ မေးလိုက်ပြန်ပါတယ်။ ကျောင်းသားအားလုံးဟာ အရင်တိုင်းပဲ လက်ထောင်ပြနေကြတုန်းပါပဲ။ အဲ့ဒါကိုကြည့်ပြီး ပါမောက္ခဆရာကြီးက “ကဲ…တပည့်တို့ရေ ဒီနေ့ဟာ မင်းတို့ဘဝအတွက် သိပ်အရေးကြီးတဲ့သင်ခန်းစာကို လေ့လာလိုက်ကြရတာပါပဲ။ ဆရာက ဒီ ၂ဝဝ တန်ကို ဘယ်လောက်ပဲခေါက်ခေါက်၊ ဘယ်လောက်ပဲချေမွချေမွ၊ ဘယ်လောက်ပဲနင်းချေနင်းချေ မင်းတို့လိုချင်နေကြတုန်းပဲလေ။ အဲ့ဒါဘာကြောင့်လဲ သတိထားမိကြလား။ တကယ်တော့ ဘယ်လောက်ပဲနွမ်းကြေနေပါစေ ပိုက်ဆံ ၂ဝဝ ရဲ့မူလတန်ဖိုးက ပြောင်းလဲမသွားလို့ပါပဲ ” လို့ ပြောလိုက်တယ်။

စာချစ်သူတို့လည်း ဒီသင်ခန်းစာထဲကလိုပါပဲ။ ဘယ်လောက်ပဲ ချေမွဖျက်ဆီးခံရပါစေ ၂ဝဝ တန်ရဲ့ ရှိရင်းစွဲတန်ဖိုး ပြောင်းလဲကျဆင်းမသွားသလိုပဲ လောကဓံက သင့်အပေါ် ဘယ်လောက်ပဲ ချေမွရိုက်ခတ်ပါစေ သင့်တန်ဖိုးကို အမြဲတမ်း ဆက်ထိန်းထားပါ။ လူတစ်ယောက်ရဲ့တန်ဖိုးကို ဝတ်ထားတဲ့ အဝတ်အစားဈေးနှုန်း၊ ဘဏ်အကောင့်ထဲမှာ ရှိတဲ့ငွေပမာဏ၊ လုပ်နေတဲ့အလုပ်အကိုင်အမျိုးအစားတွေနဲ့ တန်ဖိုးဖြတ်သတ်မှတ်လို့ မရပါဘူး။ ဘဝကတော့ သင့်တန်ဖိုးကို အလိုလိုတည်ဆောက်ပေးမှာ မဟုတ်ပါဘူး။ သင့်ဘဝတန်ဖိုးကို သင်ကိုယ်တိုင်တည်ဆောက်ရမှာပါ။