မျှော်လင့်ချက်အသစ်တွေနဲ့ ၂ဝ၂ဝရဲ့ ခရီးအစ

blank

၂ဝ၂ဝမှာ ဘာတွေမျှော်လင့်ထားလဲ။

ရက်တစ်ခုရဲ့ အစ။ လတစ်ခုရဲ့အစ။ နှစ်သစ်တစ်ခုရဲ့ အစ။ ဆယ်စုနှစ်တစ်ခုရဲ့အစမှာ ဘဝအတွက်အစီအစဉ်အသစ်တွေချမှတ်ဖို့ အခွင့်အရေးတွေရခဲ့ပြီ။

ဝိတ်ချဖို့လား။ စိတ်ဖိစီးမှုတွေကို လျော့ချဖို့လား။ ငွေတွေပြည့်စုံ ဖူလုံဖို့လား။

နှစ်သစ်ရောက်ပြီဆိုတာနဲ့ အားလုံးက မျှော်လင့်ချက်အသစ်တွေ၊ အိပ်မက်အကြီးကြီးတွေ ချမှတ်တတ်ကြတယ်။ အဲ့ဒီလိုပဲ ကျွန်မမှာလည်း မျှော်လင့်ချက်လေးတွေရှိတာပေါ့။

ကျွန်မရဲ့မျှော်လင့်ချက်လေးတွေကတော့…။

ကျွန်မရဲ့စကားလုံးတွေကြောင့် တစ်ဖက်သားထိခိုက်မှုမရှိစေဖို့ ကျွန်မမျှော်လင့်တယ်။ ဒါ့ကြောင့် စကားမပြောခင်သေချာစဉ်းစားတတ်တဲ့အကျင့်လေးကို မွေးမြူသွားမယ်လေ။

ကျွန်မ မနှစ်သက်တဲ့အရာတွေကို ပြတ်သားစွာငြင်းဆန်တတ်တဲ့အကျင့်၊ ကျွန်မရယူချင်တဲ့အရာတွေကို ကြိုဆိုလက်ခံတတ်တဲ့ အကျင့်ကို မွေးမြူနိုင်ဖို့ ကျွန်မမျှော်လင့်တယ်။

ဘဝရဲ့ မှောင်မိုက်တဲ့နေ့တွေမှာ ကျွန်မရဲ့အားသာချက်တွေကို မြင်အောင်ကြည့်တတ်တဲ့စိတ် ထက်သန်နေဖို့ ကျွန်မမျှော်လင့်တယ်။

အကူအညီလိုအပ်တဲ့အခါ အကူအညီတောင်းတတ်ဖို့၊ အကူအညီလိုနေတဲ့လူတွေကို ကူညီတတ်တဲ့ စိတ်လေးကို ရရှိဖို့ ကျွန်မမျှော်လင့်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

နှလုံးသားက ပူပင်မှုတွေနဲ့ လေးလံနေတဲ့အခါ အသက်ဝဝရှူပြီး ရှေ့ဆက်တတ်ဖို့၊ ဝမ်းနည်းမှုပျော်ရွှင်မှုတိုင်းမှာ မယိုင်လဲတတ်တဲ့ စိတ်ဓာတ်ကိုရဖို့ ကျွန်မမျှော်လင့်တယ်။

ကျွန်မချစ်တဲ့သူတွေကို အဖော်ပြုပေးဖို့၊ ကျွန်မရဲ့ခံယူချက်တွေအတွက် မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ကျွန်မမျှော်လင့်တယ်။

ပျော်ရွှင်စရာတွေ ကြုံလာတိုင်း ဟက်ဟက်ပက်ပက်ရယ်မောတတ်သလို  ဝမ်းနည်းတဲ့အခါလည်း ငိုချတတ်တဲ့ သတ္တိကိုရရှိဖို့ ကျွန်မမျှော်လင့်တယ်။

ဘဝမှာဘာတွေပဲဖြစ်လာဖြစ်လာ ရှေ့ဆက်မယ်။

ဘဝရိုက်ချက်တွေကြားမှာ မပြိုလဲအောင် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းမယ်။

နေ့ရက်တွေတိုင်းကိုအကောင်းဆုံးရင်ဆိုင်မယ်။

ဒီနှစ်သစ်မှာလေ.. တစ်နှစ်လုံးမှာ ကြုံလာသမျှတွေကို အကောင်းဆုံးရင်ဆိုင်နိုင်သွားစေဖို့ ကျွန်မမျှော်လင့်တယ်။

သင်ကော… နှစ်သစ်မှာ ဘာတွေမျှော်လင့်ထားလဲ။

Comment box မှာ မျှဝေပေးပါဦး။