ရွေးချယ်မှုတွေ ပြုလုပ်ကြရာဝယ်…..။

blank

တစ်ခါတုန်းက လူတစ်ယောက်ဟာ ခရီးလွန်ပြီး သဲကန္တာရထဲ ရောက်ရှိလာပါတယ်။ အိတ်ကပ်ထဲမှာ ပါလာတဲ့ရေတွေက မကြာခင်မှာ ကုန်တော့မှာမို့ ရေထပ်ရဖို့ဆိုတာ မသေချာတဲ့ ဒီကန္တာရထဲမှာ  ရေငတ်ပြီးသေဆုံးသွားမှာကို သူစိုးရိမ်လာတာပေါ့။ ရေငတ်ပြီး အရမ်းမောပန်းနေပေမယ့် သူ့မျှော်လင့်ချက်ကို လက်မလျှော့ဘဲ အရှေ့ကို ခရီးဆက်ပါတယ်။ ရုတ်တရက်ပဲ သူနဲ့သိပ်မနီးမဝေးနေရာမှာရှိတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ပါတယ်။ အစကတော့ ထင်ယောင်ထင်မှား ဖြစ်တာ လားဆိုပြီး သူတွေးတယ် ။ တဲအိမ်အနီးကိုရောက်လာတဲ့အခါ အမှန်ကတယ်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် တဲထဲကိုဝင်သွားပြီး အားရပါးရ ကျောခင်း လိုက်တော့တယ်။

တဲထဲကို တစ်ချက်ဝေ့ကြည့်လိုက်တဲ့အခါ  လက်နဲ့နှိပ်ရတဲ့ ရေဘုံဘိုင်တစ်ခုကိုတွေ့လိုက်ရချိန်မှာ သူထခုန်မတတ်ပျော်သွားတော့တယ်။ ဝမ်းသာအားရနဲ့ပဲ  ရေဘုံဘိုင်လက်တံကိုနှိပ်ကြည့်ပေမဲ့ ရေကလွယ်လွယ်နဲ့ထွက်မလာပါဘူး။ အကြိမ်ကြိမ် ကြိုးစားကြည့်ပြီးသွားတဲ့အခါ အလွန်တရာမောဟိုက်ပင်ပန်းလာတာမို့ သူလက်လျှော့လိုက်ပါတယ်။ ဝမ်းနည်းစွာနဲ့ မြေပြင်ပေါ်ထိုင်ချလိုက်ပြီး ဒုတိယနည်းလမ်းလည်း ထပ်ရှိဦးမှာပါပဲလို့ တွေးနေတုန်းမှာပဲ တဲရဲ့ ထောင့်နားတစ်နေရာက ရေထည့်ထားတဲ့ ပုလင်းတစ်လုံးကို တွေ့မိလိုက်တယ်။ ရေသောက်ချင်စိတ်က အငမ်းမရ ဖြစ်နေတာမို့ ပုလင်းအဖုံးကို ဖွင့်လိုက်တဲ့အချိန်မှာပဲ ပုလင်းဘေးက တွဲကပ်ထားတဲ့မှတ်စုစာရွက်လေးကို သူသတိထားမိ လိုက်တယ်။  စာက လက်ရေးနဲ့ ရေးထားတာပါ ။

          “ ရေဘုံဘိုင်ကို အသုံးပြုဖို့ အတွက်  ပုလင်းထဲက ရေကို  သုံးပါ ၊ အသုံးပြုပြီးလို့ ရေထွက်လာတယ်ဆိုရင်လဲ ဒီပုလင်းလေးထဲ ရေပြန်ဖြည့်ဖို့ မမေ့ပါနဲ့ ’’

ဒီအချိန်ဟာ သူ့အတွက် တကယ့်ဘေးကြပ်နံကြပ်အခြေအနေပါပဲ။ “စာရွက်ထဲက အညွှန်းအတိုင်း လိုက်နာမှာလား ဒါမှမဟုတ်ရင် လျစ်လျူရှုပြီး ပုလင်းထဲက ရေကို သောက်ပစ်မလား” ဆိုတာပါပဲ။ စာရွက်ပေါ်မှာ ရေးထားတဲ့အညွှန်းသာ မှန်ကန်ခဲ့ရင်တော့ အဲဒါအလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့မှားယွင်းခဲ့မယ်ဆိုရင်တော့ သူဟာ ရေကို ဖြုန်းတီးလိုက်သလို ဖြစ်သွားမှာပေါ့။ ဘဝမှာ ရွေးချယ်စရာအကြောင်း ၂ခု ရှိလာခဲ့မယ်ဆိုရင် အကြောင်းအရာ၂ခုအနက် တစ်ခုက မဖြစ်နိုင်ဘူး၊ နောက်တစ်ခုက ဖြစ်နိုင်တယ်လို့ထင်ရပေမဲ့ သိပ်မသေချာဘူးဆိုရင် အဲ့ဒီနေရာမှာ သင် ဘာဆက်လုပ်မလဲ။

ဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည် ။ 

ဒါပေမဲ့ သူကတော့ အခုဖြစ်စဉ်ကို ယုံကြည်မှုနဲ့ကျော်လွှားနိုင်ခဲ့ပါတယ်။ သူကရေဘုံဘိုင်ထဲကို ရေလောင်းထည့်ပေးပြီး ရေဘုံဘိုင်ကို နှိပ်ကြည့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အေးမြတဲ့ရေလေးတွေ ပန်းထွက်လာတော့တယ်။  သူ့ရဲ့ယုံကြည်မှုနဲ့  မရမချင်း ကြိုးစားမှုကြောင့် ရေအေးအေးလေးကို သောက်လိုက်ရတယ်။ ပြီးတော့ တဲထဲ ဟိုဟိုဒီဒီကြည့်မိတဲ့အခါ မြေပုံနဲ့ခဲတံတစ်ချောင်းကို တွေ့လိုက်တယ်။ မြေပုံထဲကိုကြည့်လိုက်တဲ့အခါမှာ  သူရောက်နေတဲ့နေရာဟာ လူတွေနဲ့ တော်တော်ဝေးနေတယ်ဆိုတာကို သိလိုက်ရတယ်။ သူဘယ်နေရာကို ဦးတည်ပြီး သွားရမလဲ ဆိုတာ သူသိသွားခဲ့ပြီလေ။

သူက ခရီးဆက်ဖို့အတွက် အိတ်ဆောင်ပုလင်းပြားထဲ ရေပါတယ်။ ပြီးတော့ စာကိုလိုက်နာပြီး တဲထဲကနေ သူမထွက်ခွာခင် ပုလင်းထဲကို ရေပြန်ဖြည့်ပေးခဲ့ပါတယ်။ ပြီးတော့ ရေဘူးမှာကပ်ထားတဲ့ စာရွက်ပေါ်က အညွှန်းစာသားတွေ အောက်ဆုံးမှာ စာတစ်ကြောင်းကို သူထပ်ဖြည့်ပေးလိုက်တယ်။ “ကျွန်တော့်ကို ယုံပါ၊ ဒီစာသားတွေက အလုပ်ဖြစ်ပါတယ်” ဆိုပြီးတော့ပေါ့။

စာချစ်သူတို့ရေ….။

ကျွန်မတို့ရဲ့ကိုယ်ပိုင်ဘဝခရီးကိုကိုယ်တိုင်လျှောက်လှမ်းတဲ့အခါမှာ ရွေးချယ်မှုတွေပြုလုပ်ကြတယ်။ စွန့်စားမှုတွေ ပြုလုပ်ကြတယ်။  ကျွန်မတို့ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်း တွေက  တကယ်ကောင်းမွန်တယ်ဆိုရင် တွေ့ကြုံခဲ့ရတာတွေကို တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းပြီး  မျှဝေကြမယ်ဆိုရင်မကောင်းဘူးလား။

“ ကျွန်တော့်ကို ယုံပါ ၊ ဒါတွေက တကယ်အမှန်ပါ ” ဆိုပြီး ရဲရဲကြီး ပြောပေးခဲ့ကြရအောင်။

အကယ်၍ကျွန်မတို့ ရွေးချယ်ခဲ့တဲ့လမ်းကြောင်းက အလုပ်မဖြစ်ခဲ့ဘူး၊ တစ်စုံတစ်ရာ လွဲမှားခဲ့တယ် ဆိုရင်လည်း သင်ခန်းစာတွေကို မျှဝေခဲ့ရအောင်နော်။

လူတိုင်းရဲ့ဘဝအတွက် လမ်းပြပေးတဲ့ နည်းလမ်းအမှန်တွေကိုလဲ မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…….  ။