တို့နဲ့ အတူတူ ၃၆၅ရက်လုံး အတူတူရှိနေမယ့်၂၀၂၀ ရေ … မင်္ဂလာပါ

blank
2020 is lined with wooden figures. The figure of the Christmas tree is lined with beads. happy New year

မင်္ဂလာပါ ၂၀၂၀ ရေ.…

မင်းနဲ့ တွေ့ရတာဝမ်းသာပါတယ်။ မင်းဒီလိုမြန်မြန်ရောက်လာလိမ့်မယ်လို့ တို့တွေးမထားမိဘူးကွာ။ အချိန်ရာသီတွေကလည်း ပြောင်းလဲဖြစ်ပေါ်တာ မြန်လိုက်တာနော်။

ရိုးရိုးသားသားပြောရရင် ၂ဝ၁၉ နဲ့ တို့နဲ့ကြားမှာ သင်ခန်းစာတွေ၊ အဆင်မပြေမှုတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့တယ်ကွ။ တို့ဖြေရှင်းနိုင်တဲ့ ပြဿနာတွေရှိသလို တစ်ခါတလေ မဖြေရှင်းနိုင်လို့ လက်လွှတ်လိုက်ရတာတွေလည်း ရှိခဲ့တယ်။ မင်းရော။ ၂ဝ၁၉ လိုပဲလား။ မင်းက သူ့ထက်ပိုကောင်းမယ်လို့ တို့ယုံကြည်တယ်ကွာ။

မင်းနဲ့ပတ်သတ်ပြီး တို့မှာ အတွေးတွေ၊ အစီအစဉ်တွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ ကတိစကားတွေ အများကြီးရှိနေတယ် သိလား။ မင်းနားထောင်ချင်တယ်ဆိုရင် တို့ပြောပြမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပထမဆုံး မင်းကို ကတိပေးချင်တာက တို့မင်းကို အမြင်သစ်တွေနဲ့ မြင်မယ်ဆိုတာပါပဲ။ အရင်ကလို အတွေးအမြင်ဟောင်းတွေကို ဖယ်ရှားပြီး ပိုကောင်းတဲ့နှစ်သစ်အဖြစ် မင်းကို မြင်မယ်။ တို့ကိုယ်တို့လည်း ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်။

ပြီးတော့ မင်းနဲ့အတူ တို့ဘဝရဲ့ပျော်ရွှင်မှုတွေကို ရှာဖွေသွားမယ်လို့ စိတ်ကူးထားတယ်။ အရင်နှစ်တွေတုန်းကလို စိတ်အားငယ်ပြီး ခံစားလွယ်မနေတော့ဘူး။ ဘဝရဲ့ ပျော်ရွှင်မှု၊ ဘဝရဲ့အဓိပ္ပာယ်အစစ်ကို နားလည်အောင် ကြိုးစားမယ်။ ပြီးတော့ တို့ရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးတော့မယ်ကွာ။

စိတ်ချပါ။ တို့မင်းကို ပျင်းရိပြီး ဘာမှတိုးတက်မလာတဲ့နှစ်တစ်နှစ်အဖြစ် မထားပါဘူး။ မင်းနဲ့အတူ တို့ဘဝကို တိုးတက်အောင် ကြိုးစားမယ်။ အလုပ်ကို ပိုကြိုးစားမယ်။ ပန်းတိုင်တွေ သတ်မှတ်ပြီး ဖြစ်အောင် ကြိုးစားမယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဘယ်ကိစ္စမှာမဆို လစ်ဟင်းမှုမရှိအောင် တို့ကြိုးစားပါ့မယ်။

အရင်နှစ်တွေတုန်းက အမှားတွေရဲ့ နောင်တတွေကို မင်းဆီသယ်လာမယ်လို့ မင်းထင်နေတုန်းလားကွာ။ တို့မင်းဆီကို သင်ခန်းစာကောင်းတွေကလွဲပြီး ဘာမှသယ်မလာပါဘူး။ တို့အတိတ်ကို သတိရမိတဲ့အခါတိုင်း လှပနေတဲ့ မင်းကို ပြန်သတိရပြီး ကြိုးစားလိုက်မယ်။ လောကဓံက ကြိုက်သလောက်ကျီစယ်ပါစေ၊ မင်းနဲ့အတူရှိနေစဉ်မှာ တို့လုံးဝ ပြိုလဲမသွားအောင် ကြံ့ကြံ့ခံမယ်။ မင်းမယုံဘူးဆိုရင် စောင့်ကြည့်နေလိုက်ပါ။

ကဲ… တို့ပြောချင်တာ ဒါပါပဲကွာ။ တို့ပြောခဲ့တဲ့စကားလေးတွေကို သေချာမှတ်ထားပေးပါနော်။ တို့ပြောခဲ့တဲ့စကားတွေနဲ့ တို့လုပ်ရပ်တွေနဲ့ မကိုက်ညီတဲ့အခါ မင်းအနေနဲ့ တို့ကို ဆရာတစ်ယောက်လို သတိပေးပြီး ကြပ်မတ်ပေးပါ၊ တို့ကို နောက်တစ်ခေါက်ထပ်ပြီး ကြိုးစားနိုင်အောင် အခွင့်အရေးတွေပေးပါ၊ ပြီးတော့ တို့ဘဝလမ်းခရီးရဲ့ အဖော်မွန်ကောင်းတစ်ယောက်အဖြစ် ရှိနေပေးပါလို့ တောင်းဆိုပါရစေ။ မင်းလေး လာခြင်းကောင်းပါစေလို့ တို့နှလုံးသားထဲကနေ တောင်းဆုပြုပေးလိုက်ပါတယ်နော်။

မင်းနဲ့ ၃၆၅ရက်လုံးလုံး အတူရှိနေမယ့် ကောင်မလေး

ခံစားချက်ချင်း တူညီရင် SHARE လိုက်ပါဦး။