Single အဖြစ်နေလိုက်တာက အကောင်းဆုံးဆုံးဖြတ်ချက်ဆိုတာ ပြသနေတဲ့ အခိုက်အတန့်လေးတွေ

blank

အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေက “အပျိုကြီး”လို့ စနောက်ကျတယ်။ လမ်းထဲက ကလေးတွေက “ငှက်ပျောတုံးဝယ်ပေးရမယ်” လို့ နောက်ကြတယ်။ ရုံးကလူတွေက “လက်ဖွဲ့ပေးချင်လှပြီ”လို့ မထိတထိပြောကြတယ်။ Single ဖြစ်နေတာဟာ အားငယ်စရာလားလို့ တွေးမိ။ မြန်မာကားထဲကလို မိဘသဘောတူနေတဲ့ သူကို မီးစိမ်းပြရလိုက်ရမလားလို့ စဉ်းစားမိတဲ့ အခိုက်အတန့်လေးတွေရှိဖူးသလို ဒီအချိန်အထိ တစ်ကိုယ်တည်းဘဝကို ပြတ်သားစွာခံယူထားတာက မှန်လိုက်တာလို့ စိတ်ကြီးဝင်မိတဲ့အခိုက်အတန့်လေးတွေရှိတယ်။

Single အဖြစ်နေလိုက်တာက အကောင်းဆုံးဆုံးဖြတ်ချက်ဆိုတာ ပြသနေတဲ့ အခိုက်အတန့်လေးတွေကတော့….။

ခရီးထွက်ဖို့ သူငယ်ချင်းလာခေါ်တဲ့အခါ နှစ်ခါစဉ်းစားစရာမလိုဘဲ အထုပ်ဆွဲလိုက်လို့ရတဲ့အခါ…

တနင်္ဂနွေနေ့မှာ မနက်စာနဲ့နေ့လယ်စားပေါင်းစားလို့ရလောက်အောင် နေမြင့်တဲ့အထိ အိပ်နေလို့ရတဲ့အခါ….။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အခန်းရှင်းချင်တဲ့ဆန္ဒရှိတဲ့အခါရှင်းပြီး စိတ်မပါတိုင်း ရှုပ်ပွနေတာလေးကို ဥထားလို့ရတဲ့အခါ….။

အဝတ်လျှော်စရာတွေများလာတိုင်း ဒိုဘီကိုအမေမသိအောင်ဖုန်းဆက်ခေါ်ပြီး လျှော်ခိုင်းလို့ရတဲ့အခါ…။

သူငယ်ချင်းတွေနဲ့ အပြင်သွားတိုင်း “ယောက်ျားလေးတွေပါမယ်”ဆိုတဲ့ စကားကို မရဲတရဲပြောရင်း သံတော်ဦးတင်နေစရာမလိုတဲ့အခါ…။

လစာထုတ်ပြီးအပြန် အလှပြင်ပစ္စည်းတွေဝယ်ပြီး စားချင်တာစားနေရတဲ့အခါ….။

ညဖက်အိပ်ရေးဝဝအိပ်ရပြီး၊ မိတ်ကပ်လှလှပြင်၊ စားချင်တာလေးတွေကို စိတ်တိုင်းကျချက်စားနေရတဲ့ဘဝကို ကျေနပ်မိတဲ့အခါ…။

ကိုယ်လုပ်ချင်တာတွေကို ညှိနေစရာမလို တစ်ခါတလေခြေဦးတည့်ရာလျှောက်သွားနေရတဲ့အခါမျိုးမှာတော့ ကျွန်မတစ်ယောက် Single ဖြစ်နေတာက အကောင်းဆုံးဆုံးဖြတ်ချက်လို့ ကိုယ့်ကိုယ်ကိုယ်ထောက်ခံမိတယ်။

တစ်ခါတလေလည်း ရိုနေတဲ့လူတွေကို ကြည့်ပြီး အားကျမိပါရဲ့။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ RS ကြောင့် ရိုနေတဲ့သူတွေလို ငိုနေတဲ့သူတွေလည်းရှိသေးတော့ ကျွန်မကို ကျွန်မချစ်သလိုချစ်နိုင်ပြီး အဆိုးအကောင်းမှန်သမျှလက်ခံနိုင်တဲ့သူတစ်ယောက် ရှိလာရင်တော့ ကျွန်မတစ်ယောက် Single ဘဝကို ရဲရဲကြီးစွန့်လွှတ်ဖို့ အဆင်သင့်ပါပဲ။

လောလောဆယ်တော့ ရှင်တို့အထီးကျန်မှာစိုးလို့ အိမ်ထောင်ပြုခိုင်းတဲ့ကျွန်မ တစ်ကိုယ်တည်းဘဝနဲ့ ဖြစ်ချင်တာတွေကို တစ်ဝကြီး အကောင်အထည်ဖော်လိုက်ပါဦးမယ်နော်။

သင်ကော…. Single အဖြစ်နေလိုက်တာက အကောင်းဆုံးဆုံးဖြတ်ချက်ဆိုတာ ခံစားမိတဲ့ အခိုက်အတန့်လေးတွေရှိလား။ မျှဝေပေးခဲ့ပါဦး။