အနုပညာရှင်တွေက သာမန်လူတွေထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုနှုန်းများသလား။

blank

စာချစ်သူတို့ရေ….။

ကိုရီးယားအနုပညာရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့သတင်းက အားလုံးကို လှုပ်ခတ်ခတ်စေခဲ့တယ်။ အသက်(၂၈) နှစ်အရွယ် အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ လောကကြီးက ကျောခိုင်းထွက်ခွာဖို့ဆိုတာ သိပ်ကိုစောသေးတဲ့ အချိန်ပဲမဟုတ်လား။

အောင်မြင်မှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေ အများကြီးပိုင်ဆိုင်နေပြီး ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးကို ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ဘယ်အရာတွေက တွန်းပို့စေခဲ့တာလဲ။ အားလုံးရဲ့ အာရုံစူးစိုက်မှုတွေရထားတဲ့သူတွေက ပိုပြီးစိတ်ဖိစီးတတ်သလား။

စိတ်ပညာရှင်တွေကတော့ အနုပညာရှင်တွေဟာ  သာမန်ထက်ပိုတဲ့ စိတ်ဖိစီးမှုတွေ၊ အလုပ်ဖိအားတွေရှိနေတယ်လို့ဆိုပါတယ်။ သာမန်လူတွေနဲ့ မတူညီတဲ့ဖိအားတွေကြောင့် စိတ်ကစဥ့်ကလျားဖြစ်တာ၊ ညအိပ်မပျော်တာ၊ အစားမမှန်တာ၊ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တာ ဆိုတဲ့ ခံစားချက်တွေဟာ အနုပညာရှင်တွေမှာပိုပြီးဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အောင်မြင်နေတဲ့အခါမျိုးမှာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သာမန်လူတွေအားကျလောက်တဲ့ အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာမှုတွေရှိနေတဲ့ အနုပညာရှင်တွေမှာ…။

ကိုယ်ပိုင်အချိန်တွေနည်းလာတာ….

စိတ်ဖိစီးပြီး ရင်ဖွင့်တိုင်ပင်စရာ မိတ်ဆွေကောင်းတွေနည်းလာတာ…

ကိုယ့်ရဲ့ဘဝကို ကိုယ့်သဘောတစ်ခုတည်းနဲ့ စီမံခွင့်မရှိတော့တာ….

လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိတော့တာ…..

လုံလောက်တဲ့အနားယူမှုတွေ မရတော့တာ စတဲ့ အရာလေးတွေရှိနေပါတယ်။

(၂ဝ၁၄) ခုနှစ်က ဆစ်ဒနီတက္ကသိုလ် စိတ်ပညာဌာနပရော်ဖက်ဆာတစ်ယောက်က အနုပညာရှင်တွေ သေဆုံးမှုနှုန်းနဲ့ပတ်သက်ပြီး လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့လာမှုမှာ (၁၉၅ဝ) ကနေ (၂ဝ၁၄) ခုနှစ်အတွင်း အနုပညာရှင်ပေါင်း ၁၂၆၆၅ ရဲ့ သေဆုံးဖြစ်စဉ်တွေကို လေ့လာကြည့်လိုက်တဲ့အခါ သာမန်လူတွေထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုနှုန်းများတာကို တွေ့ရှိခဲ့ရပါတယ်။

အောင်မြင်သူတွေဆီမှာ သာမန်လူတွေအားကျနေတဲ့ အောင်မြင်မှုနဲ့ စည်းစိမ်ချမ်းသာတွေရှိနေသလို အောင်မြင်နေတဲ့သူတွေဟာလည်း လွတ်လပ်မှုနဲ့ စိတ်ပျော်ရွှင်ငြိမ်းအေးမှုတွေကိုလည်း ငတ်မွတ်နေတာပါပဲ။ ရခဲလှတဲ့လူ့ဘဝမှာ စိတ်ဖိစီးမှုတွေကိုလျော့ချပြီး ရောက်နေတဲ့နေရာမှာ ပျော်စရာကို ရှာတတ်ဖို့က အရေးကြီးတယ်မဟုတ်လား။ ကိုယ်ချစ်တဲ့လူတစ်ယောက်လောကမှာ မနေပျော်တော့ဘူးလို့ ပြောနေရင်၊ စိတ်ဖိစီးဝမ်းနည်းနေတယ်လို့ ခံစားရရင် ပစ်မထားပါနဲ့နော်။