တစ်ခါတလေ တွေးမိဖူးမှာပါ။
ငါက သူများလိုမလှဘူး။
ငါက သူများလို မချမ်းသာဘူး။
ငါက သူများလို ပညာမတတ်ဘူး။
ဟုတ်ချင်လည်း ဟုတ်မှာပါ။ ကိုယ့်ထက်မြင့်တဲ့သူတွေကိုပဲလိုက်ကြည့်မိနေရင်တော့ ကိုယ့်လက်ရှိ အ နေအထားကို လူတိုင်းလက်ခံကျေနပ်ဖို့က စိတ်အားငယ်စရာဖြစ်နေမှာပါ။ တကယ်တော့ ကိုယ့်ထက်မြင့်တဲ့သူ ဆိုတာ အားကျဖို့နဲ့ သူတို့လိုဖြစ်အောင် အတုယူပြီး ကြိုးစားဖို့၊ စိတ်ဓာတ်ခွန်အားယူဖို့ပဲ ကောင်းတာပါ။ သူတို့ ဘဝကိုကြည့်ပြီး ကိုယ့်မပြည့်စုံမှုကို အားငယ်စိတ်ညစ်ဖို့ မဟုတ်ပါဘူး။ မပြည့်စုံမှုဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကိုယ့်ထက်မပြည့်စုံတဲ့သူဆိုတာလည်း လောကမှာ အများကြီးရှိနေပါတယ်။ အဲ့ဒီလူတွေထဲမှာ ကိုယ်မသိနိုင်ဘဲ ကိုယ့်ဘဝကို အားကျနေတဲ့သူတွေတောင် အများကြီးရှိနိုင်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ လူအတော်များများ ဟာ ဘယ်လောက်ပဲကောင်းတဲ့ ဘဝမျိုးပိုင်ဆိုင်ထားတာဖြစ်ပါစေ၊ သူများဘဝက ကိုယ့်ထက်ကောင်းတယ်လို့ မြင်တတ်ကြတာ ဓမ္မတာပါပဲ။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ကောင်းကွက်တွေကို မမြင်ဘဲ တခြားသူတွေကိုပဲ အားကျရင်း ကိုယ့်ဘဝမှာလည်း မပျော်ရွှင်တတ်ကြတော့ပါဘူး။ တကယ်တော့ လူတိုင်းရဲ့ဘဝမှာ အားနည်း ချက်၊ အားသာချက်တွေရှိပါတယ်။ အားလုံးဟာ တစ်ယောက်ချင်းစီရဲ့ ပြိုင်ဘက်ကင်းတဲ့ ကောင်းခြင်းတွေကို ပိုင်ဆိုင်ထားကြပြီးသားပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
အဲ့ဒါလေးကို တွေးမိရင်..
“ ငါက သူများလိုမလှဘူး ” လို့လည်း တွေးမိတော့မှာ မဟုတ်ပါဘူး။
“ ငါက သူများလို မချမ်းသာဘူး” လို့လည်း အားငယ်မိတော့မှာ မဟုတ်ပါဘူး။
“ ငါက သူများလို ပညာမတတ်ဘူး” လို့လည်း စိတ်ဓာတ်ကျမိတော့မှာ မဟုတ်ပါဘူး။
“ ငါ့ဘဝက မပြည့်စုံပေမဲ့ တခြားသူတွေမှာ မရှိတာတွေလည်း ရှိနေတာပဲ။
လူတိုင်းပြည့်စုံနေတာမှ မ ဟုတ်တာ။ ဒါကြောင့် ငါ့မပြည့်စုံမှုဆိုတာလည်း အားငယ်စရာမဟုတ်ဘူး” လို့ တွေးမိလာမှာပါ။ ကိုယ့်ကိုယ် ကိုယ်အရှိအတိုင်းလက်ခံနိုင်တဲ့နေ့ဟာ ဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကို စတင်တည်ဆောက်နိုင်တဲ့နေ့ပါပဲ။
သင်ကော သင့်ကိုယ်သင် ချစ်တတ်ပြီလား။