ဘဝမုန်တိုင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ပြိုလဲမသွားဘဲ ဆက်ကြိုးစားလိုက်ပါ။

blank

ကျွန်မဘဝမှာ လဲကျတဲ့အခါ ပြန်ထဖို့ ခွန်အားမရှိတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ကျောင်းသွားရင် ကျောင်းမှာ အရာအားလုံး အဆင်ပြေနေသလို အပြုံးမျက်နှာဖုံးတပ်ပြီး ဟန်ဆောင်နေခဲ့တယ်။ ကျောင်းဆင်းရင်လည်း အိမ်ပြန်ပြီး အိပ်ရာထဲမှာပဲ လှဲနေခဲ့တယ်။ ကျွန်မကို ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူ ဘယ်သူမှမရှိသလို ခံစားချက်တွေကိုလည်း ရင်ဖွင့်ပြစရာ အခြားလူမရှိခဲ့ဘူး။

မသာယာတဲ့ မိသားစုဘဝကြောင့် အိမ်ထဲကို တံခါးဖွင့်ဝင်လာတာနဲ့ အကြောက်တရားက ဆီးကြိုနေခဲ့တယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာလည်း သေချာမသိခဲ့ဘူး။ ပတ်ဝန်းကျင်ကလူတွေ ကျွန်မကို ဘယ်လိုထင်မလဲ၊ ကျွန်မအကြောင်း ဘာတွေပြောနေမလဲဆိုတာကို စိုးရိမ်နေရင်း အတွေးတွေက ကျွန်မကို နှိပ်စက်နေခဲ့တယ်။ ကျွန်မမှာ မျှော်လင့်ချက်တွေမဲ့ပြီး ဒီအခြေအနေကနေ ရုန်းထွက်ဖို့ ခွန်အားတွေ မရှိလောက်အောင်ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အစားအသောက် ဘယ်လောက်ပဲ ပျက်နေပါစေ၊ မိသားစုဘဝ ဘယ်လောက်ပဲ မသာမယာဖြစ်နေပါစေ ကျွန်မဘာကိုမှဂရုမစိုက်မိခဲ့ပါဘူး။ ဒါပေမဲ့ နှလုံးသားလေး ကွဲကြေနေပြီး အထီးကျန်မှုတွေ ဆက်တိုက်ခံစားနေရတယ်ဆိုတာကိုတော့ ကျွန်မကိုယ်ကျွန်မ သတိပြုမိခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဝမ်းနည်းစရာခံစားချက်တွေများလာတဲ့အခါ ဒီခံစားချက်တွေကို တွန်းလှန်ပစ်မယ်လို့ စဉ်းစားမိပြီး ကျွန်မဘဝကို ပြန်ထူထဖို့ ကြိုးစားခဲ့ပါတယ်။ အကြိမ်ကြိမ်ပဲ မသာယာတဲ့ခံစားချက်တွေ ဝင်လာလိုက် ပြန်မောင်းထုတ်ပြီး ဆက်ရုန်းထွက်လိုက်နဲ့ နောက်ဆုံးမှာ ဘာကိုမှခံစားမနေတော့ဘဲ ကျွန်မဘဝတိုးတက်ဖို့ပဲ ဖြောင့်ဖြောင့်မတ်မတ် ဆက်ကြိုးစားနိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်မဘဝအတွက် အကောင်းဆုံးကြိုးစားပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနေပါပြီ။

တကယ်တော့ ဘဝမှာ အသက်ရှင်နေသရွေ့ ကြိုးစားရုန်းကန်ဖို့ အခွင့်အရေးအသစ်တွေ ရှိပါတယ်။ အရာအားလုံး ပြီးဆုံးသွားပြီလို့ မခံယူဘဲ မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ရှင်ဖို့ အရေးကြီးပါတယ်။ ရင်ဆိုင်နေရတဲ့ စိတ်ပူပင်သောကမှုတွေကို ဖယ်ရှားပြီး ဘဝကို ပြန်တည့်မတ်ဖို့ သင့်ကိုယ်သင် ခွန်အားတွေပေးပါ။ အခက်အခဲအားလုံးကို ဖြတ်ကျော်ပါ။ ပျော်ရွှင်မှုကို ရှာဖွေပါ။ ကြိုးစားပါ။ ဘဝမုန်တိုင်းတွေကို ကြံ့ကြံ့ခံပြီး မျှော်လင့်ချက်တွေနဲ့အတူ ကြိုးစားရင်း အနာဂတ်ကို ဆက်လျှောက်လှမ်းသွားလိုက်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။