စိုးမင်းဟာ ဒရိုင်ဘာတစ်ယောက်ပါ။ သူဟာ သူ့အချိန်တွေအားလုံးကို အလုပ်မှာပဲ ကုန်ဆုံးနေရတဲ့အတွက်ကြောင့် ထမင်းတစ်နပ်တောင်မှ မိသားစုနဲ့ အတူတူမစားနိုင်သလောက်ပါပဲ။ မိသားစုကိုတောင် အချိန်မပေးနိုင်လောက်အောင်ဖြစ်နေပေမယ့် စိုးမင်းဟာ အခုအလုပ်ထက် လစာပိုကောင်းတဲ့အလုပ်ရချင်တဲ့အတွက် ညနေပိုင်းမှာဆိုရင် သင်တန်းတွေတက်ပါတယ်။
စိုးမင်းရဲ့မိသားစုကတော့ သူ့ကိုမိသားစုအတွက် အချိန်မပေးလို့ ခဏခဏပြောတာပေါ့။ ဒါပေမဲ့ စိုးမင်းကတော့ “ငါလုပ်နေတာတွေအားလုံး မင်းတို့အတွက်ပါကွာ။ မင်းတို့ကို လူတိုင်းထက်သာအောင် ထားနိုင်ဖို့အတွက် အလုပ်တွေကြိုးစားနေတာပါ” လို့ပဲ အမြဲတမ်းပြန်ပြောပါတယ်။
မကြာခင်မှာပဲ စိုးမင်းဟာ သင်တန်းတွေမှာ ဖြေရတဲ့စာမေးပွဲတွေအောင်မြင်သွားပြီးတော့ အရင်အလုပ်ထက် လစာပိုများတဲ့ အလုပ်တစ်ခုကို ရရှိလိုက်ပါတယ်။ အခုဆိုရင် စိုးမင်းဟာ မိသားစုကို ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်ပေးနိုင်ပြီ။ ဇိမ်ခံပစ္စည်းတွေလည်း ဝယ်ပေးနိုင်ပြီ။ နိုင်ငံခြားကိုလည်း အလည်အပတ်ခရီးထွက်စေနိုင်ပါပြီ။ ဒါဟာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာသလိုပါပဲ။ ဒါပေမဲ့ စိုးမင်းဟာ အလုပ်ပိုကြိုးစားလာရတာမို့ မိသားစုကို ဂရုစိုက်ဖို့နေနေသာသာ အတူတွေ့ဆုံချိန်တောင်မရှိတော့ပါဘူး။
အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ စိုးမင်းရဲ့ ကြိုးစားမှုတွေဟာ အရာထင်လာပြီး ရာထူးတိုးခဲ့ပါပြီ။ သူ့ဇနီးကိုလည်း အိမ်အလုပ်တွေမှ နားနိုင်စေဖို့အတွက် အိမ်အကူလေးတစ်ယောက် ငှားရမ်းပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ စိုးမင်းဟာ သူတို့မိသားစုအတွက် လက်ရှိတိုက်ခန်းလေးက ကျဉ်းမြောင်းလွန်းတယ်လို့ ယူဆပြီး ဒီ့ထက်ကြိုးစားဖို့ လိုအပ်သေးတယ်လို့ ထင်နေပြန်ပါတော့တယ်။ ဒါကြောင့် ရာထူးထပ်တိုးနိုင်ဖို့အတွက် သင်တန်းတွေဆက်တက်ပါတော့တယ်။ တဖြည်းဖြည်းနဲ့ စိုးမင်းဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာတောင်မှ မိသားစုကို အချိန်မပေးနိုင်တော့ဘဲ အလုပ်အပ်သူတွေနဲ့ပဲ အချိန်ကုန်နေရပါတော့တယ်။ မိသားစုကို သူတို့ကို အချိန်မပေးဘူးလို့ထပ်ပြောလာတဲ့အခါမှာလည်း သူလုပ်နေတာတွေအားလုံးက မိသားစုအတွက်ပါလို့ပဲ ထပ်ပြောဆိုနေပါတော့တယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
အနည်းငယ်ထပ်ကြာတဲ့အခါမှာတော့ စိုးမင်းဟာ ရာထူးတစ်ဆင့်ထပ်တိုးသွားပြန်ပါပြီ။ ရှုခင်းလှလှလေးနဲ့ ကျယ်ဝန်းတဲ့အိမ်တစ်လုံးကိုလည်း ဝယ်နိုင်သွားပါပြီ။ အိမ်သစ်လေးမှာ ကုန်ဆုံးတဲ့ ပထမဆုံး တနင်္ဂနွေညနေခင်းလေးမှာတော့ စိုးမင်းဟာ အခုချိန်ကစပြီးတော့ ဘာသင်တန်းမှမတက်တော့သလို အလုပ်ဖက်ချည်းပဲ အာရုံစိုက်မနေတော့ဘူး။ မိသားစုကို အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ လို့ မိသားစုကိုပြောပါတယ်။ နောက်တစ်ရက်မနက်ရောက်တဲ့အခါမှာတော့ စိုးမင်းဟာ အိပ်ရာကမနိုးလာတော့ပါဘူး။ စိုးမင်းဟာ သူ့တစ်ဘဝလုံး ပြည့်စုံမှုနောက် လိုက်ရင်းနဲ့ပဲ သေခြင်းတရားကို အစိုးမရနိုင်တာကို မေ့လျော့ပြီး အားလုံးကို ဘေးချိတ်ထားခဲ့ပါတယ်။ တကယ်တမ်း မိသားစုကို အချိန်ပေးမယ်ဆုံးဖြတ်ချိန်မှာတော့ သူဟာ လောကကြီးက ထွက်ခွာသွားလိုက်ရပါပြီ။
ဒီစာစောင်လေးကို ဖတ်ရှုပြီး ဘယ်လိုခံစားမိတယ်ဆိုတာ comment box မှာ ရေးသွားပေးပါဦးနော်။