အချိန်လွန်နောင်တတွေ မပိုင်ဆိုင်ရစေဖို့…

blank

သြစတြေးလျနိုင်ငံသား သူနာပြုတစ်ယောက်ဖြစ်တဲ့ ဘရောင်နီ ဝဲရ် (Bronnie Ware) ဟာ အသက်ရှင်သန်ဖို့အချိန် သုံးလတောင်မကျန်တော့တဲ့ လူနာပေါင်းများစွာကို နှစ်နဲ့ချီပြီး ပြုစုလာသူတစ်ယောက်ပါ။ လူနာတွေကို ပြုစုရင်း သူမ သိလာရတာက လူအတော်များများဟာ ကိုယ်ဖြစ်ချင်တာထက် သူတစ်ပါးဖြစ်စေချင်တာကို ဦးစားပေးမိလို့ ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရဘူးဆိုတာပါပဲ။ ဘရောင်နီက သူမပြုစုခဲ့သမျှလူနာတွေထဲမှာ ကိုယ်လုပ်ခဲ့တဲ့အရာတွေကြောင့်နောင်တရတဲ့သူထက် ကိုယ် မလုပ်ခဲ့မိတဲ့အရာတွေကြောင့် နောင်တရတဲ့သူပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အချိန်မရှိတော့တဲ့အခါမှ အတိတ်ကို ပြန်လှည့်ကြည့်ပြီး နောင်တရနေတာမျိုးတွေ မဖြစ်စေဖို့အတွက် လူအများစု နောင်တရလေ့ရှိတဲ့ ထိပ်တန်းအကြောင်းအရာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ “ဘာလို့များ ငါ့ဘဝတစ်လျှောက်လုံး သူများဖြစ်စေချင်တဲ့ပုံစံအတိုင်းပဲ နေထိုင်ခဲ့မိပါလိမ့်”

ဒါဟာ သေဆုံးမယ့်အချိန်ကို အိပ်ရာထဲမှာ လှဲရင်းစောင့်ဆိုင်းနေရတဲ့သူတိုင်း တွေးမိတတ်တဲ့အတွေးတစ်ခုပါ။ အချိန်မရှိတော့မှ နောင်တရမနေစေဖို့အတွက် ကိုယ့်ပုံစံအမှန်အတိုင်းနေပါ။ ကိုယ့်လမ်းကိုယ်လျှောက်ပါ။ ကိုယ့်အတွက် မှန်ကန်တယ်လို့ ထင်တဲ့အရာကို လုပ်ပါ။ ဘယ်အရာကမှ ကိုယ့်ထက်၊ ကိုယ်ချစ်ခင်ရတဲ့သူတွေထက် အရေးမကြီးပါဘူး။

၂။ “ငါ ဘာလို့များ အလုပ်တွေချည်း ဖိလုပ်နေခဲ့မိပါလိမ့်”

အမျိုးသားလူနာအများစုမှာ ဒီအတွေးရှိတတ်ကြပါတယ်။ သူတို့ဟာ အလုပ်မှာ အရမ်းကြိုးစားခဲ့ကြတာကြောင့် သူငယ်ချင်း၊ ချစ်သူနဲ့ မိသားစုတွေကို ဦးစားပေးဖို့ မေ့လျော့သွားတတ်ပါတယ်။ လူတိုင်းကတော့ အလုပ်လုပ်ရတာပါပဲ။ ပေါပေါများများသုံးစွဲနိုင်ဖို့အတွက် ပိုက်ဆံက လိုအပ်တယ်မလား။ ဒါကြောင့် အလုပ်လည်းလုပ်ပါ။ ကိုယ့်အတွက် အရေးကြီးတဲ့ ကိုယ်ချစ်ရတဲ့သူတွေ၊ ကိုယ့်ဝါသနာတွေအတွက်လည်း အချိန်ပေးဖို့မမေ့ပါနဲ့။

၃။ “ဘာလို့များ ငါ့ခံစားချက်တွေကို ဖုံးကွယ်နေထိုင်ခဲ့မိပါလိမ့်”

လူအများစုဟာ တခြားသူတွေနဲ့ အဆင်ပြေစေဖို့အတွက် ကိုယ့်ရဲ့ခံစားချက်တွေကို ချိုးနှိမ်ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ကိုယ်ဖြစ်ချင်တဲ့ပုံစံ ဖြစ်မလာတော့ပါဘူး။ ဘဝမှာ နောင်တတွေဖြစ်မလာစေဖို့အတွက် ကိုယ် ဘယ်သူလဲဆိုတဲ့အပေါ်မှာ ရာနှုန်းပြည့်စစ်မှန်ပါ။ ကိုယ့်ခံစားချက်တွေကို ထုတ်ပြဖို့ ဘယ်တော့မှ မကြောက်ရွံ့ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “ငါ ဘာလို့များ သူငယ်ချင်းတွေကို အဆက်အသွယ်မလုပ်မိပါလိမ့်”

တကယ်တော့ သူငယ်ချင်းတွေဟာလည်း အချိန်ပေးဖို့ ထိုက်တန်တဲ့သူတွေပါ။ သူတို့ထဲကတစ်ယောက်ယောက်သေဆုံးသွားတော့မယ်ဆိုရင် ဒီတိုင်းပဲ အဆက်အသွယ်မလုပ်ဘဲ နေနေဦးမှာလား။ တကယ်လို့ ကိုယ်ဟာ နာရီပိုင်းအတွင်းသေဆုံးတော့မယ်၊ ပြီးတော့ လူတစ်ယောက်ကိုပဲ ဖုန်းခေါ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူ့ကို ခေါ်မှာလဲ။ ဘာတွေပြောမှာလဲ။ ခုကော ဘာကိုစောင့်နေသေးတာလဲ။

၅။ “ငါ့ဘဝကို ဒီ့ထက်ပိုပျော်ရွှင်အောင် နေခဲ့သင့်တာ”

လူအတော်များများဟာ သေဆုံးခါနီးအချိန်ထိတောင်မှ ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုတစ်ခုမှန်း မသိကြပါဘူးတဲ့။ ကိုယ့်ဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာ ရွေးချယ်လို့ မရဘူးဆိုပေမယ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ ရွေးချယ်လို့ရပါတယ်။ ပျော်ရွှင်နိုင်ဖို့ ရွေးချယ်ပါ။ ပျော်ရွှင်စရာကောင်းတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ပြီးတော့ပေါ့။

ဘဝဆိုတာ အချိန်မြန်ဆန်တိုတောင်းလွန်းသလောက် သေမယ့်နေ့ကိုလည်း ဘယ်သူမှကြိုမသိထား ကြပါဘူး။ ဒါကြောင့် ဘဝရဲ့နောက်ဆုံးအချိန်တွေမှာ အချိန်လွန်နောင်တတွေနဲ့ နာကျင်ပူဆွေးစရာမဖြစ်ရ အောင် လက်တွေ့အချိန်မှာ သင့်စိတ်ဆန္ဒရှိတဲ့အရာတွေကို လုပ်ဆောင်လိုက်ပါ။

စာချစ်သူတို့ကော နောင်တစ်ချိန်မှာ နောင်တတွေနဲ့ဘဝမျိုး မပိုင်ဆိုင်ရအောင် လက်ရှိအချိန်တွေကို ဘယ်လိုဖြတ်သန်းဖြစ်နေလဲ။