အိမ်ရှင်မတစ်ယောက်ကို တကယ်ကူညီချင်ရင်…။

blank

အိမ်ရှင်မတစ်ယောက်ကို တကယ်ကူညီချင်တယ်ဆိုရင် “မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမယ်” ဆိုတဲ့ အကြံပြုချက်တွေချည်းပေးနေမယ့်အစား သူမရဲ့သားသမီးတွေကို (၅) မိနစ်လောက် ထိန်းကူပေးပါ။

အိမ်ရှင်မတစ်ယောက်ကို တကယ်ကူညီချင်တယ်ဆိုရင် “ခင်ပွန်းကို ဘယ်လိုချည်နှောင်ရမယ်” ဆိုတဲ့ အကြံဉာဏ်တွေပေးနေမယ့်အစား သူမအလှပြင်တဲ့အခါ “ကလေးအမေဖြစ်ပြီး ပြင်ဆင်နေလိုက်တာ” ဆိုတဲ့ ဝေဖန်သံလေးကို နောက်ပြန်ဆုတ်ပေးပါ။

အိမ်ရှင်မတစ်ယောက်ကို တကယ်ကူညီချင်ရင် “ငါ့တုန်းက ဘယ်လို” ဆိုပြီး စကားတွေ တသီတသန်းပြောနေမယ့်အစား အမှားတွေလုပ်မိလို့ပူဆွေးနေတဲ့အခါ နှစ်သိမ့်အားပေးပေးပါ။

အိမ်ရှင်မတစ်ယောက်ကို တကယ်ကူညီချင်ရင် “ကလေးတွေအတွက် ပေးဆပ်ရမယ်” ဆိုတဲ့ သြဝါဒစကားတွေပဲပေးနေမယ့်အစား သူမအတွက် သူမအချိန်ပေးတဲ့အခါ “ကလေးအမေဖြစ်ပြီး ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်” စတဲ့ ကဲ့ရဲ့စကားတွေကို ရုတ်သိမ်းပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အိမ်ရှင်မတစ်ယောက်ကို တကယ်ကူညီချင်ရင် “အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ လိုက်နာရမယ့် စည်းမျဉ်းတွေအကြောင်း” ဝေမျှနေမယ့်အစား သူမရဲ့ကြိုးစားမှုသေးသေးလေးတွေကို ဂရုစိုက်ပေးပါ။

အိမ်ရှင်မတစ်ယောက်ရဲ့ နေအိမ်က ရှုပ်ပွနေလို့ ကဲ့ရဲ့တော့မယ်ဆိုရင် သူမရဲ့စိတ်တွေဘယ်လောက်မွန်းကြပ်ရှုပ်ထွေးနေလဲဆိုတာကို မြင်နိုင်အောင် ကြည့်ပေးပါ။

အိမ်ရှင်မတစ်ယောက်ကို အကြံတွေပေးရတာက လွယ်ပါတယ်။

ဒါပေမဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ ခံစားချက်နဲ့ တာဝန်ဝတ္တရားတွေကို သူမကိုယ်တိုင်က အသိဆုံးပါ။ ဒါ့ကြောင့် အပြောနဲ့ကဲ့ရဲ့တော့မယ်ဆိုရင်၊ လေသံလေးနဲ့အကြံတွေပေးတော့မယ်ဆိုရင် သူမအတွက် တကယ်လိုအပ်တာက ကြင်နာတတ်တဲ့နှလုံးသားတစ်စုံနဲ့ အပြုသဘောဆောင်တဲ့ စကားလုံးတွေပဲဆိုတာကို မှတ်ထားလိုက်ပါနော်။