မေ့မရနိုင်တဲ့ ငယ်ဘဝက သီတင်းကျွတ်

blank

တစ်နေကုန်ရုံးတက်၊ ညနေပိုင်းကျောင်းတက်ပြီး အဆောင်အပြန်မှာ လမ်းတစ်လျှောက် ဆီမီးခွက်လေးတွေ ထွန်းညှိထားတာလေးတွေ တွေ့မှ “အော် သီတင်းကျွတ်တောင် ရောက်တော့မှာပါလား” လို့ သတိထားလိုက်မိတယ်။ တစ်ဆက်တည်းမှာပဲ အေးမြတဲ့ ရှမ်းတောင်တန်းတွေပေါ်က ကျွန်မ ဇာတိမြေကို နင့်နင့်သည်းသည်းကို လွမ်းဆွတ်မိသွားတယ်။ အိမ်မပြန်ဖြစ်ခဲ့တာ ကြာပြီလေ။ ဒီတစ်နှစ်တော့ ပြန်ဖြစ်အောင် ပြန်မှပါလေလို့ တွေးရင်း မြို့ပြသီတင်းကျွတ်နဲ့ ကွာခြားလွန်းလှတဲ့ ကျွန်မတို့ နယ်မြို့လေးရဲ့သီတင်းကျွတ်အကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။

ကျွန်မတို့ မြို့လေးက လူအများစုဟာ ဘာသာတရားကိုင်းရှိုင်းပြီး အသက်ငယ်ငယ်ကြီးကြီး ဘာသာရေးလိုက်စားကြတာမို့ သီတင်းကျွတ်အခါနားနီးပြီဆိုရင် ပထမဆုံးလုပ်ကြတာကတော့ ဘုန်းကြီးကျောင်းကန်တော့ဖို့၊ လူကြီးမိဘတွေ ကန်တော့ဖို့ ကန်တော့စာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆီတွေဝယ်ကြတာပါပဲ။ ကျွန်မတို့ရဲ့ဓလေ့ထုံးစံအရ နေ့ပိုင်းတွေမှာ ဘုန်းကြီးကျောင်းတက်ပြီး ညပိုင်းတွေမှာတော့ အိမ်ကန်တော့သွားကြတယ်လေ။ ကျွန်မတို့ကတော့ ကလေးပီပီ ဥပုသ်စောင့် ငါးပါးသီလဆောက်တည်ဖို့ထက် ဘုန်းကြီးကျောင်းက စာဂလုပ်မယ့် မုန့်တွေ၊ ချိုချဉ်တွေကို ပိုမက်ကြတာပေါ့။ မုန့်ပန်းကန်တွေဟာ ချလိုက်တာနဲ့ ပြိုက်ခနဲ ပြိုက်ခနဲကုန်သွားပြီး ပန်းကန်တွေဟာ လေပေါ်မှာပဲ ပျံနေတာကြောင့် ကျွန်မတို့မောင်နှမအုပ်စုကို အားလုံးက “ပန်းကန်ပြားပျံအဖွဲ့” တဲ့။

ဘုန်းကြီးကျောင်းက အပြန်မှာတော့ လူကြီးတွေမသိအောင် အစ်ကိုတွေနဲ့ ငရဲမီးတွေလုပ်ကြ၊ ဗျောက်အိုးတွေဖောက်ကြနဲ့ အစ်ကိုတွေကြားမှာ ကျွန်မ အရမ်းပျော်ခဲ့တာပေါ့။ ညနေစောင်းရင်တော့ ဖေဖေ၊ မေမေနဲ့ အတူ ပွဲဈေးတန်းလျှောက်လည်၊ လိုချင်တာတွေ ပတ်ပူဆာနဲ့ ပူပင်စရာဘာမှမရှိတဲ့ ကလေးဘဝဟာ ပျော်စရာကောင်းလွန်းပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ညဥ့်နည်းနည်းမိုးချုပ်ပြီဆိုရင် အဖေ၊ အမေ မောင်နှမတွေနဲ့ သက်ကြီးဝါကြီးတဲ့သူတွေကို လိုက်ကန်တော့ကြပါတယ်။ အိမ်ကန်တော့သွားတဲ့အခါ ကျွန်မတို့မောင်နှမ အကြိတ်အနယ်ယှဉ်ပြိုင်ရတာတစ်ခုရှိပါသေးတယ်။ ဘယ်အိမ်ကကျွေးတဲ့ ဟင်းထုပ်ကို ငါက ဘယ်လောက်စားနိုင်တာ၊ ဒီအိမ်က မုန့်ဆီကြော်ကို ငါ ဘယ်နှစ်ချပ်တောင် စားနိုင်တာဆိုတာတွေပါပဲ။ အိမ်ပြန်ရောက်တဲ့အခါကျရင်တော့ ဗိုက်ကြီးက ကယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်မတို့က ဂရုမစိုက်ပါဘူး။ အရေးကြီးတာ လုပ်ရဦးမယ်လေ။ ကန်တော့လို့ ရတဲ့မုန့်ဖိုးတွေကို တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဖို့က ပိုစိတ်ဝင်စားဖို့ကောင်းတယ်မလား။ ဒါပေမဲ့ ပြိုင်သာပြိုင်နေကြတာပါ။ ပြီးတော့လည်း အားလုံးရဲ့ မုန့်ဖိုးကို စုပြီး မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေ၊ ပေသီးတွေ ဝယ်လိုက်ကြတာပါပဲ။

ဗျောက်အိုးဆိုမှ ငယ်တုန်းက ဗျောက်အိုးဖောက်ရင်း ဒဏ်ရာရခဲ့ဖူးတဲ့ လက်ပေါ်က အမာရွတ်လေးကို ကြည့်လိုက်မိတယ်။ အဲ့ဒီတုန်းက ကျွန်မ နာလို့ အရမ်းငိုခဲ့သလို အစ်ကိုတွေလည်း ကျွန်မကြောင့် အရိုက်ခံခဲ့ကြရတယ်လေ။ ဒဏ်ရာရခဲ့တုန်းက အရမ်းနာကျင်ခဲ့ပေမယ့် အခုအဲ့ဒီအမှတ်တရတွေကို ပြန်တွေးမိတော့ အမာရွတ်လေးကတောင် ကြည့်ကောင်းနေသယောင်ယောင်။ တကယ်တော့ အမှတ်တရတွေ ဖန်တီးထားနိုင်ခဲ့လို့သာ ဒဏ်ရာတွေကတောင် ကြည်နူးစရာလေးတွေ ဖြစ်လာတာမလား။ ဒါကြောင့် ပူလောင်လွန်းတဲ့ မြို့ပြကနေ ခဏတာ ရုန်းထွက်ရင်း အမှတ်တရတွေ ထပ်ဖန်တီးနိုင်ဖို့ ဒီတစ်နှစ်တော့ အိမ်ပြန်ဖြစ်အောင်ကို ပြန်မယ်လို့ အေးချမ်းတဲ့နယ်မြို့လေးကို အရမ်းလွမ်းနေမိတဲ့ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

စာချစ်သူတို့ကော သီတင်းကျွတ်အတွက် ဘာအစီအစဉ်လေးတွေ ချထားပြီးပြီလဲ။