ဆန့်ကျင်ဖက်လိင်ကပဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားတတ်တာလား…။

blank

စာချစ်သူတို့ရေ….။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုရင် ကျွန်မတို့အများစုက အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို၊ ဒါမှမဟုတ် ကလေးတစ်ယောက်ကို ကျူးလွန်တယ်လို့ပဲ မြင်တတ်ကြတယ်။ အနည်းစုသော အခြေအနေတွေမှာတော့ အမျိုးသားတွေကို အမျိုးသမီးတွေက ကျူးလွန်ကြတယ်လို့ပေါ့။ အမျိုးသမီးအချင်းချင်း ဒါမှမဟုတ် အမျိုးသားအချင်းချင်း လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မှတ်ချက်တွေပေးတာမျိုးကလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုတွေ ဖြစ်တယ်ဆိုတာကို သတိမထားမိနိုင်ဖြစ်နေတတ်ပါတယ်။

လိင်တူချင်းက ကိုယ်နားမခံသာတဲ့ လိင်ပိုင်းဆိုင်ရာ စကားလုံးတွေပြောတာ၊ လိုင်းပေါ်က စာတွေပို့ပေးတာ၊ မတော်တဆလိုလိုနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိတွေ့တာမျိုးတွေ အားလုံးဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှုပါပဲ။ ဒါပေမဲ့ ကျွန်မတို့အများစုက လိင်တူချင်းဆိုတဲ့ စိတ်နဲ့ မိမိစိတ်မသက်မသာဖြစ်နေရက်နဲ့ ငြိမ်နေတတ်ပါတယ်။ တကယ်တော့ ကျွန်မတို့ကို စိတ်မသက်မသာဖြစ်စေတဲ့ အပြုအမူတွေအားလုံးဟာ အကြမ်းဖက်မှုပါပဲ။

အဲ့ဒီလိုအကြမ်းဖက်မှုတွေဟာ ကျူးလွန်ခံရသူကို စိတ်အနှောက်အယှက်ဖြစ်စေရုံသာမက၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးတာ၊ စိတ်ဒဏ်ရာရတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီလို ခံစားမှုတွေကို အခြားတစ်ယောက်ကို ပြောပြဖို့လည်း ခက်ခဲတဲ့ကိစ္စပါ။ သင့်အနေနဲ့ အဲ့ဒီလို ကျူးလွန်ခံနေရတယ်ဆိုရင် ဆိတ်ဆိတ်မနေပါနဲ့။ ဆိတ်ဆိတ်နေခြင်းဟာ ပိုပြီးကျူးလွန်လာစေဖို့ လမ်းဖွင့်ပေးလိုက်ခြင်းပါပဲ။

ဒါ့ကြောင့် လိင်တူချင်းပဲဖြစ်ဖြစ် လိင်ကွဲပဲဖြစ်ဖြစ် သင့်စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကို ပြတ်သားစွာ ငြင်းဆိုပါ။