ဘဝကို ပြောင်းလဲသွားစေမယ့် (၁၄)ရက် အဓိဋ္ဌာန်

blank

မနက်နိုးတာနဲ့ မှန်ထဲကကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီအချက်လေးတွေကို ကြွေးကြော်ပြောဆိုပါ။

တစ်ရက်နေ့

ဒီကနေ့ ငါရောက်နေတဲ့နေရာအတွက် ငါ့ကိုယ်ငါ ဂုဏ်ယူတယ်။ တစ်ခါတလေမှာ သူများတွေထက် နောက်ကျကျန်နေလို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမလုပ်နိုင်ပါလားလို့ စိတ်ပျက်မိပေမယ့် အနောက်ကို ပြန်လှည့်ကြည့်မိတဲ့အခါမှာတော့ တော်တော်ခရီးရောက်နေပြီဆိုတာ သိလိုက်တယ်။ ငါဟာ လွန်ခဲ့တဲ့တစ်လ၊ တစ်နှစ်တုန်းက ငါ မဟုတ်တော့ဘူး။ ဒီအခြေအနေရောက်အောင် လျှောက်လှမ်းလာနိုင်တဲ့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်။

နှစ်ရက်နေ့

ကိုယ်ဖြစ်ချင်တဲ့ဘဝပိုင်ဆိုင်ဖို့ အတိတ်တုန်းက မကြိုးစားခဲ့မိတဲ့ ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်သင့်သလောက်မချစ်ခဲ့တာကိုလည်း ခွင့်လွှတ်တယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ခွင့်လွှတ်တယ်။ အတိတ်တုန်းကမှားခဲ့တဲ့ အမှားတွေအားလုံးအတွက်လည်း ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ အခုကစပြီး ငါ့ကိုယ်ငါ အတတ်နိုင်ဆုံး တန်ဖိုးထားသွားမယ်။

သုံးရက်နေ့

ငါဟာ တမူထူးခြားတယ်။ တစ်ကိုယ်ကောင်းဆန် အတ္တကြီးတာမဟုတ်ပေမယ့် ဘယ်သူကမှ ငါနဲ့မတူဘူး။ ငါ့မှာ တခြားသူတွေ တွေးသလို မတွေးတတ်တဲ့ စွမ်းရည်တစ်ခုရှိတယ်။ ဒီစွမ်းရည်ကပဲ ငါ့ကို တမူထူးခြားနေစေတယ်။ ငါက ငါ့ဘဝကို စာအုပ်ကြီးအတိုင်း နေသွားမယ့်သူ မဟုတ်ဘူး။ ငါဟာ ငါဖြစ်နေလို့ကို ဂုဏ်ယူတယ်။

လေးရက်နေ့

ကောင်းတဲ့ ပြောင်းလဲခြင်းတွေ လုပ်မယ်။ အပြောင်းအလဲတိုင်းဟာ အစမှာတော့ ခက်ခဲတတ်ပါတယ်။ ဘယ်သူတွေကပဲ ကန့်ကွက်နေပါစေ။ အပြောင်းအလဲတွေကို ဖြစ်အောင်လုပ်သွားမယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့ အရာတွေအားလုံးကို ရပ်တန့်ပစ်လိုက်ပြီးတော့ ကိုယ့်စေတနာကို စော်ကားတတ်သူတွေနဲ့လည်း မပတ်သက်တော့ဘူး။ ငါ့ဘဝကို တိုးတက်စေနိုင်မယ့် အပြောင်းအလဲကောင်းတွေကို ပြုလုပ်သွားမယ်။

ငါးရက်နေ့

ငါဟာ အမြဲလန်းဆန်းတက်ကြွနေတယ်။ ငါ့စိတ်ဟာ အနာဂတ်အတွက် စိတ်လှုပ်ရှားမှုနဲ့ အားအင်တွေ ပြည့်ဝနေတယ်။ ရှေ့ခရီးလမ်းမှာဘာတွေပဲ ကြုံလာလာ ရင်ဆိုင်သွားပြီးတော့ စိန်ခေါ်မှုအသစ်တွေ၊ အခွင့်အရေးတွေအားလုံးကို လက်ကမ်းကြိုနေမှာပါ။ ငါဟာ ဘဝရဲ့ အကြီးမားဆုံးအခက်အခဲတွေကိုတောင် ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီ။

ခြောက်ရက်နေ့

ငါဟာ ကြင်နာတတ်သူတစ်ယောက်။ ဒါကြောင့် ဘာတွေပဲ ကြုံလာလာ အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပြီး ပျော်ရွှင်အောင် နေထိုင်သွားမယ်။ သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း စိတ်ရှည်ရှည်ထား ဆက်ဆံမယ်။ ငါဟာ စိတ်တည်ငြိမ်အေးချမ်းတယ်။ လန်းလန်းဆန်းဆန်းရှိတယ်။ ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်အောင်နေပြီး အပျော်တွေပါ တစ်ပါးသူတွေဆီ ကူးစက်သွားအောင် မျှဝေသွားမယ်။

ခုနစ်ရက်နေ့

ငါဟာ လေးစားမှုနဲ့ ထိုက်တန်တယ်။ ငါဟာလည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် တခြားသူတွေလိုပဲ အချစ်တွေ၊ ဂရုစိုက်မှုတွေ ရရှိဖို့ ထိုက်တန်တယ်။ ဒီနေ့တော့ ငါ့ကိုယ်ငါ အလိုလိုက်မယ်။ လိုအပ်ရင် စည်းမျဉ်းတွေကို ချိုးဖောက်ပစ်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ နေမယ်။

ရှစ်ရက်နေ့

ငါဟာ အကြောက်အလန့်ကင်းတယ်။ ဘာအခက်အခဲတွေပဲ ကြုံလာလာ ရင်ဆိုင်ဖြေရှင်းပစ်နိုင်မယ်လို့ ငါ့ကိုယ်ငါ ယုံကြည်တယ်။ ငါ့စွမ်းဆောင်နိုင်ရည်တွေကို ငါ ယုံကြည်တယ်။ ငါဟာ စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်။ ငါဟာ သတ္တိရှိတယ်။ အရာအားလုံးကို အကောင်အထည်ဖော်နိုင်စွမ်းရှိတယ်။ ဘယ်အရာကမှ ငါ့ကို မဟန့်တားနိုင်ဘူး။ ဘယ်အရာတွေက ဘယ်လောက်ပဲခက်ခဲနေပါစေ ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိတယ်။ အမြဲတမ်းလည်း ကိုင်တွယ်နိုင်ခဲ့တာပဲလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုးရက်နေ့

ငါဟာ ထူးခြားတယ်။ ငါ့ဘဝတစ်လျှောက်လုံးမှာ အရာတော်တော်များများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးပြီ။ ငါဘယ်သူဆိုတဲ့အပေါ်မှာ ငါဂုဏ်ယူတယ်။ ငါဖြစ်လာမယ့်ပုံစံအတွက်လည်း ဂုဏ်ယူတယ်။ ငါဟာ ငါဘယ်သူဆိုတဲ့အပေါ်မှာ တန်ဖိုးထားတယ်။ ငါ့ကိုယ်ငါ ချစ်တယ်။

တစ်ဆယ်ရက်နေ့

ငါ့ကို ပိုသန်မာလာအောင်၊ ပိုထက်မြက်လာအောင် ဆောင်ရွက်ပေးသွားတဲ့ အခက်အခဲတွေ၊ စွန့်စားမှုတွေတိုင်းကို ကျေးဇူးတင်တယ်။ ကြုံလာရမယ့်အခွင့်အလမ်းသစ်တွေတိုင်းကိုလည်း ကျေးဇူးတင်တယ်။ ငါ့ကျန်းမာရေးကို ကျေးဇူးတင်တယ်။ ငါ့မိသားစုနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်။ ဒီနေ့အသက်ရှင်နေရတာကို ကျေးဇူးတင်တယ်။ ငါ့မှာ ရှိတဲ့အရာတိုင်းအတွက် ကမ္ဘာလောကကြီးကို ကျေးဇူးတင်တယ်။

တစ်ဆယ့်တစ်ရက်နေ့

ငါဟာ ကံကောင်းတယ်။ ကျန်းမာခြင်းတွေနဲ့ ကံကောင်းခြင်းတွေဟာ ငါ့ဘဝထဲကို ဝင်လာပြီ။ အရာအားလုံးဟာ ငါ့ဆန္ဒအတိုင်း ဖြစ်လာနေပြီ။ ငါ့ဘဝမှာ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတယ်။ ငါဟာ အချိန်မှန်၊ နေရာမှန်မှာ ရောက်နေပြီ။

တစ်ဆယ့်နှစ်ရက်နေ့

ငါဟာ ကောင်းသောပြောင်းလဲခြင်းတွေကို ကြုံတွေ့နေရပြီ။ ငါ့ဘဝမှာ ဖြစ်ပျက်နေတာတွေ အများကြီးရှိပေမယ့် ဒါတွေအားလုံးဟာ ကောင်းဖို့အတွက်ဖြစ်လာတာလို့ ယုံကြည်တယ်။ နေ့စဉ်နေ့တိုင်းမှာ ငါဖြစ်ချင်တဲ့ဘဝ ပိုင်ဆိုင်နိုင်ဖို့အတွက် သင်ယူနေတယ်၊ ကြိုးစားနေတယ်။ အသစ်တွေစတင်နိုင်ဖို့အတွက် ငါ့ဘဝထဲကို ဝင်လာတဲ့ အပြောင်းအလဲတိုင်းကို ကြိုဆိုပါတယ်။ ငါဟာ အပြောင်းအလဲတွေအတွက် အဆင်သင့်ဖြစ်နေပြီ။

တစ်ဆယ့်သုံးရက်နေ့

ငါ့နဂိုပုံစံအတိုင်းကိုပဲ ငါကြိုက်တယ်။ ငါဟာလည်း လူသားတစ်ယောက်ဖြစ်တာမို့ အမှားတွေနဲ့ မကင်းနိုင်ပါဘူး။ အမှားတွေလုပ်မိတဲ့ ငါ့ကိုလည်း ချစ်တယ်။ တခြားသူတွေ ဘာတွေပဲပြောပြော ငါ့ကိုယ်ငါ ချစ်တယ်။ ငါဘာပဲလုပ်လုပ် ငါနဲ့ သဘောထားမတိုက်ဆိုင်တဲ့သူဆိုတာ တစ်ယောက်မဟုတ် တစ်ယောက်ရှိနေမှာပဲလေ။ ဒါကြောင့် ဘာတွေပဲဖြစ်နေနေ ငါ့ကိုယ်ငါ ချစ်မှာပါ။

တစ်ဆယ့်လေးရက်နေ့

ငါဟာ လမ်းမှန်ပေါ်ရောက်နေပြီ။ ရုန်းကန်ရမှုတွေရှိပေမယ့် ငါ့စိတ်ထဲမှာ ငါဖြစ်ချင်တဲ့အရာတွေဟာ ပြတ်ပြတ်သားသားရှိပြီးသားပါ။ ငါဟာ အောင်မြင်မှုလမ်းပေါ်ရောက်နေပြီ။ လောကရဲ့ သဘောတရားတွေကို နားလည်လက်ခံပြီး ထိန်းချုပ်လို့မရတဲ့အရာတွေအားလုံးကို လက်လွှတ်ပစ်မှာပါ။

ဒီစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။