ဟန်ဆောင်နေထိုင်လိုက်ရင် ကိုယ့်ဘဝတန်ဖိုး မြင့်မားသွားမှာလား…

blank

ကျွန်တော်က မိန်းကလေးတစ်ယောက်ပါ။ မိန်းကလေးဖြစ်ပြီး ကျွန်တော်လို့ပြောလို့ မန္တလေးသူလို့ထင်သွားပြီလား။ မဟုတ်ပါဘူးဗျာ။ တကယ်တော့ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ဖြစ်ချင်နေတဲ့ မိန်းကလေးပါ။ အများအခေါ်အရဆို ယောက်ျားလျာပေါ့။ ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက တခြားမိန်းကလေးသူငယ်ချင်းတွေနဲ့ မတူညီခဲ့ပါဘူး။ ဆော့တာ၊ ကစားတာ၊ နေတာ၊ ထိုင်တာ ဘယ်နေရာမှာမှ အံမဝင်ခဲ့ပါဘူး။ ကျွန်တော် ဖြစ်ချင်တာက ကျွန်တော့်အစ်ကိုဝမ်းကွဲတွေလို ဘောလုံးကန်မယ်။ သေနတ်ပစ်တမ်းဆော့မယ်။ အဲ့ဒီလို နေချင်တာဗျ။ ခက်နေတာက ကျွန်တော့်အမေပေါ့။ အမေက ကျောင်းဆရာမတစ်ယောက်လေ။ ကျွန်တော့်မှာ ညီမလေး နှစ်ယောက်လည်းရှိသေးတယ်ဗျ။ အမေက ကျွန်တော့်ကို “နင်နော် ငါက ကျောင်းဆရာမဟဲ့။ ဆရာမလုပ်ပြီး ကိုယ့်သားသမီးမှ ကိုယ်မနိုင်ဘူးလို့ ဖြစ်မယ်။ နင့်မှာ ညီမတွေလည်းရှိသေးတယ်နော်။ အတုယူမှားကုန်မယ်” ဆိုတာမျိုး မကြာခဏပြောပြီး ကျွန်တော်မဝတ်ချင်တဲ့ ထမီတွေ၊ စကတ်တွေပဲ ကျွန်တော့်ကို အမြဲဆင်ပေးခဲ့ပါတယ်။ ကျွန်တော်ကလည်း အမေ့ရှေ့တော့ ထမီပေါ့ဗျာ။ အမေ့ကွယ်ရာရောက်ရင်တော့ ပုဆိုးလို ပြောင်းဝတ်လိုက်တာပါပဲ။

တက္ကသိုလ်စတက်တဲ့အချိန်မှာတော့ ကျွန်တော် ယောက်ျားတစ်ယောက်လိုပဲ ဝတ်စားနေထိုင်ပါတော့တယ်။ နယ်ကဆိုတော့ တက္ကသိုလ်တက်ရင် မြို့ကြီးသွားတက်ရတယ်ဗျ။ အမေ့မျက်စိရှေ့လည်း မဟုတ်တော့ အပြောလည်းမခံရတော့ဘူးလေ။ ဒီတစ်ခါ ခက်တာကတော့ သူငယ်ချင်းတွေပဲ။ သူတို့အားလုံးက ကျွန်တော့်ကို ယောက်ျားတစ်ယောက်လို့ သဘောမထားနိုင်ကြဘူးဗျ။ ဆရာမတွေကလည်း “နင်က ယောက်ျားလား၊ မိန်းမလား”တဲ့။ မေးလည်း မေးချင်စရာပဲလေ ကျွန်တော်ကိုယ်တိုင်ကလည်း ယောက်ျားတစ်ယောက်လိုပဲ ဝတ်တတ်တဲ့ ကောင်မလေးလိုလို ဟန်ဆောင်နေခဲ့တာကိုး။ ပြီးတော့ မိန်းကလေးတွေကိုပဲ သဘောကျပေမယ့် ကျွန်တော့်အပေါ်မှာ မိဘနဲ့ သူငယ်ချင်းတွေ တစ်မျိုးမြင်ကြမှာစိုးလို့ ကောင်လေးတွေနဲ့တောင် တွဲခဲ့သေးတယ်။ ဒါပေမဲ့ဗျာ ကျွန်တော် တကယ်စိတ်ဝင်စားတာမဟုတ်တော့ မကြာပါဘူး ပြတ်တာပါပဲ။

တစ်ရက်မှာတော့ သူနဲ့ တွေ့ခဲ့တယ်ဗျ။ သူက ကျွန်တော့်အခန်းဖော်လေ။ ကျွန်တော်က မိန်းကလေးအဆောင်မှာပဲ နေရတာကိုး။ သူက ကျွန်တော့်ထက် ငယ်ပြီး မေဂျာလည်းမတူပါဘူး။ ကျွန်တော်က ယောက်ျားတစ်ယောက်လိုပဲ နေထိုင်ဝတ်စားတာမို့ အဆောင်သူတွေအားလုံးက ကျွန်တော့်ကို မောင်လေး၊ အစ်ကို ဒီလိုပဲ စနောက်သလိုလိုနဲ့ ခေါ်ကြပေမယ့် သူကတော့ “အစ်မ” တဲ့လေ။ မခေါ်ပါနဲ့ တားလည်း မရဘူး။ လူကြားသူကြား ကျွန်တော်က ရှိုးထုတ်နေတဲ့အချိန်ဆို သူ့ရဲ့ “အစ်မ” ဆိုတဲ့အလုံးကြီးက ကျွန်တော့်ကို အင့်ကနဲ အင့်ကနဲပဲ။ ဒါပေမဲ့ ကျွန်တော် အပြစ်တစ်ခါမှမမြင်ခဲ့ပါဘူး။ ဒီကြားထဲ ကျွန်တော်က စာမေးပွဲကျသလို သူကလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင်တဲ့သူဖြစ်တော့ စာသင်နှစ်လေးနှစ်လုံးမှာ မေဂျာမတူပေမယ့် ကျွန်တော်တို့က ဘယ်သွားသွား တပူးတွဲတွဲပဲပေါ့။ ဒါကြောင့်ပဲ အားလုံးက ကျွန်တော်တို့ကို စစနောက်နောက်နဲ့ သမီးရည်းစားတွေလို့ သတ်မှတ်ထားကြတယ်ဗျ။ ကျွန်တော့်ကို လာစနောက်ရင်တော့ သဘောကျပေမယ့် စိတ်ဆိုးချင်ယောင်ဆောင်ပြီး ငြင်းပစ်တယ်ဗျာ။ ကျွန်တော်က ယောက်ျားလေးလို ဝတ်ပေမယ့် မိန်းကလေးလိုပဲ နေနေတာမလား။ သူကတော့ ဒီစကားတွေကို မကြားတာလား။ လက်ခံတာလား မသိဘူးဗျ။ တစ်ခါမှကို ဘာမှမပြောဖူးဘူး။ ဒါနဲ့ပဲ တစ်ရက်ကျတော့ သူမကို သဘောကျမိနေတယ်ဆိုတာ ဖွင့်ပြောလိုက်တယ်ဗျာ။ ဒါပေမဲ့ သူက “အစ်မလို သူများတွေရှေ့မှာဆို ကိုယ့်ပုံစံအမှန်အတိုင်း နေထိုင်ဖို့တောင် သတ္တိမရှိတဲ့သူတစ်ယောက်ကို အစ်မဆိုရင်ကော တွဲချင်မလား” တဲ့လေ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ဝေးသွားကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီနောက်မှာတော့ အများကြီးပြန်စဉ်းစားမိတယ်ဗျ။ ကျွန်တော်က ယောက်ျားလေးဖြစ်ချင်ပြီး ယောက်ျားလေးလိုပဲ ဝတ်စားနေတတ်ပေမယ့် ကိုယ့်စိတ်ရင်းမှန်ကို ပြမိမှာတော့ အရမ်းရှက်ခဲ့တယ်ဗျ။ သူလည်း ဒီလိုလူတစ်ယောက်နဲ့ တွဲရမှာ ဝန်လေးနေခဲ့မှာပေါ့။ ဘဝတစ်လျှောက်လုံးမှာ ကျွန်တော့်ပုံစံအမှန်မပြနိုင်ခဲ့တာ မိဘနဲ့ သူငယ်ချင်းတွေကြောင့်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေထိုင်ခဲ့တာဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ။ အခုတော့ ကျွန်တော် ကောင်းကောင်းလက်ခံနိုင်ပါပြီဗျာ။ ကျွန်တော်ဟာ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်မဖြစ်နေခဲ့ဘူးဆိုတာကိုပေါ့။ အခုဆိုရင် ဘယ်သူ့ရှေ့မှာပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်လိုဝတ်စားတတ်တဲ့ မိန်းကလေးတစ်ယောက်ပါဆိုတဲ့ ပုံစံမျိုးလည်း ဟန်ဆောင်မနေထိုင်တော့ဘူး။ ဘယ်သူမေးမေး ကျွန်တော်က ယောက်ျားတစ်ယောက်ပါလို့ပဲ ဖြေတော့တယ်။ လိင်စိတ်ကွဲပြားတာတွေကို ဖုံးကွယ်ပြီး နေထိုင်ခြင်းကသာ ဘဝရဲ့ တချို့သော အခွင့်အလမ်းတွေကို လက်လွှတ်လိုက်ရနိုင်တယ်ဆိုတာလည်း တဖြည်းဖြည်းသဘောပေါက်လာပြီလေ။ တကယ်တော့ ကျား၊ မ နာမ်စားတွေဟာလည်း လူတစ်ယောက်ရဲ့ တန်ဖိုးကို ကိုယ်စားမပြုနိုင်ဘူးမလား…

စာချစ်သူတို့ဘဝမှာကော ကိုယ့်စိတ်ရင်းမှန်ကို ဟန်ဆောင်နေထိုင်မိလို့ ဆုံးရှုံးလိုက်ရတာတွေရှိဖူးလား…