ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ လိုအပ်တာလား။ ကိုယ့်ကို လက်ခံနိုင်တဲ့သူကို လိုအပ်တာလား။

blank

ကျွန်မ အသက်လေးနှစ်အရွယ်တုန်းက နားရွက်နားမှာ အဖြူစက်လေးတစ်ခုတွေ့လို့ဆိုပြီး မိဘတွေက ကျွန်မကို ဆရာဝန်ဆီ ခေါ်သွားခဲ့ပါတယ်။ ဆရာဝန်က ကျွန်မ “ခရုသင်း” ဖြစ်နေတာတဲ့။ ခရုသင်းဆိုတာဟာ မယ်လ်နင်ဓာတ် လျော့ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားရောဂါတစ်ခုပါ။ ခရုသင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အချိန်အတော်ကြာ ဆေးကုသမှုခံယူဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဒါကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို့တော့ မတွေးခဲ့မိသေးပါဘူး။

ဒါပေမဲ့ အရာအားလုံးပြောင်းလဲနေခဲ့ပြီးပြီဆိုတာကိုတော့ အထက်တန်းရောက်တဲ့အချိန်မှာ သူစိမ်းတွေက ကျွန်မကို အထူးတဆန်းကြည့်တာတွေ ကြည့်ပြီး သဘောပေါက်ခဲ့ပါတယ်။ တစ်ခါတုန်းကဆိုရင် ကျောင်းသားလေးတစ်ယောက်က ကျွန်မကို အရပ်ရှည်ပြီး အကွက်အကွက်တွေရှိနေလို့ သစ်ကုလားအုပ်မတဲ့။ ကျောင်းကားပေါ်က ကောင်လေးတစ်ယောက်ကလည်း ကျွန်မရောဂါက ကူးစက်တတ်တာမို့ ကျွန်မကို လူထူထပ်တဲ့နေရာတွေ မသွားသင့်ဘူးတဲ့။

အဲ့ဒီအချိန်ကစပြီး ကျွန်မ ရောဂါဟာ တကယ်ပဲ ကူးစက်တတ်သလားလို့ စိတ်မလုံမခြုံဖြစ်ပြီးတော့ အသေးအဖွဲအရာလေးတွေကအစ ဆတ်ဆတ်ထိမခံဖြစ်လာခဲ့တယ်။ ဒီရောဂါအကြောင်းနဲ့ ပတ်သက်ပြီး ပိုမိုသိရှိဖို့လိုတဲ့အတွက် ဒီအကြောင်းနဲ့ ပတ်သက်ပြီး သေချာဖတ်ရှုလေ့လာခဲ့တယ်။ ဆောင်းပါးတွေဖတ်တယ်။ လူမှုကွန်ယက်ပေါ်က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်မအသားအရေရဲ့ ပြောင်းလဲမှုတွေကို သေချာလေ့လာခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မမိဘတွေကလည်း ကျွန်မကို တစ်တပ်တစ်အားပါဝင်ကူညီခဲ့ကြပါတယ်။ ဒါပေမဲ့ ဘွဲ့ရပြီးတော့ ကျွန်မအလုပ်အတွက် ပြောင်းရွှေ့ဖို့ အခြေအနေတွေ ကြုံလာတဲ့အခါ လူသစ်တွေနဲ့ တွေ့ရမှာကို ကျွန်မတွန့်ဆုတ်ကြောက်ရွံ့နေမိခဲ့ပါသေးတယ်။ တကယ်တော့ ဒါတွေအားလုံးဟာ ကျွန်မ အတွေးထဲမှာ ဖြစ်နေတာတွေပါပဲဆိုတာကိုလည်း သိလာခဲ့တယ်။

အသက် (၂၂) နှစ်အရွယ်မှာတော့ ဆေးကုသမှုခံယူနေတာတွေအားလုံးကို ကျွန်မ ရပ်တန့်လိုက်ပါတော့တယ်။ ဘာလို့လဲဆိုတော့ ဒါကို ကုသနိုင်ဖို့ ဆေးမရှိဘူးဆိုတာကို သိသွားလို့ပါပဲ။ ပြီးတော့ တခြားလူတွေ ဘယ်လိုတွေးမယ်ဆိုတာလည်း ဂရုစိုက်မနေချင်တော့ဘူးလေ။ ဒါပေမဲ့ လမ်းသွားရင်း လူစိမ်းတွေနဲ့ တွေ့တိုင်း တမေ့တမောငေးကြည့်နေတာတွေ ကြုံနေရတုန်းပါပဲ။ တချို့က အကြံတွေ ပေးတယ်။

တချို့ကကျတော့လည်း အများအမြင်မသင့်တော်လို့ မိတ်ကပ်နဲ့ ဖုံးပါတဲ့။ တချို့ကတော့ ကျွန်မကို အံ့သြစရာကောင်းတဲ့ ကုသနည်းတွေ ပြောပြပါတယ်။ တကယ်စိတ်ဝင်စားတဲ့သူတွေနဲ့ စကားပြောရတာတော့ ကျွန်မ ပျော်ပါတယ်။ ဒါပေမဲ့ တခြားသူတွေကိုတော့ ပြုံးပြလိုက်တယ်။ ပြီးတော့ ဆက်သွားတယ်။ လွန်ခဲ့တဲ့အပတ်တုန်းကဆို အရက်သမားတစ်ယောက်ကို ကျွန်မကို ဟာနုမာန်တဲ့။ ဒါပေမဲ့ ကျွန်မ စိတ်ကသိကအောက်လေးတောင် ဖြစ်မသွားပါဘူး။ အရင်တုန်းကဆိုရင် ကျွန်မအမေက ကျွန်မကို လက်ခံနိုင်မယ့် ကောင်လေးတစ်ယောက်ကိုရှာဖွေစေချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ပဲ လက်ခံနိုင်ဖို့လိုအပ်တယ်ဆိုတာ နှစ်ယောက်လုံးသိနေပါပြီ။

ဒီလိုသဘောပေါက်နိုင်ဖို့ အချိန်အကြာကြီးယူခဲ့ရသလို ဆက်သွားဖို့လည်း လမ်းအရှည်ကြီး ကျန်ပါသေးတယ်။ ကိုယ့်ရုပ်ကိုယ် အပြစ်ရှာနေတတ်တာဟာ လူတွေသဘာဝပဲ ထင်ပါတယ်။ ကျွန်မကတော့ ကျွန်မရုပ်ဟာ ကျွန်မ ဘယ်သူဆိုတာကို တစ်စိတ်တစ်ပိုင်းပဲ ဖော်ပြနိုင်တယ်ဆိုတာကို လက်ခံထားပါတယ်။
စာချစ်သူတို့ကော ကိုယ့်ကို လက်ခံနိုင်မယ့်သူကို လိုက်ရှာနေတုန်းပဲလား…