သင့်ပျော်ရွှင်မှုအတွက် ဘာမှမလုပ်ဘဲနဲ့ သင့်ကိုယ်သင် ချစ်တယ်လို့ မပြောပါနဲ့။

blank

ကျွန်မက ခရီးထွက်ရတာ မကြိုက်တဲ့သူပါ။

ပိုက်ဆံရှာသလောက် ငွေကြေးချွေတာစီစစ်တတ်သူဖြစ်တော့ ခရီးသွားခြင်းဆိုတာ ကျွန်မခေါင်းထဲ တစ်ခါမှရောက်မလာဖူးတဲ့အရာတစ်ခုပေါ့။ အထူးသဖြင့် အပျော်ခရီးဆိုရင် ပိုတောင် စိတ်မပါပါဘူး။ ဒါကြောင့် ဘယ်သူတွေ ဘယ်လောက်ခေါ်ခေါ်၊ ဘယ်လိုတိုက်တွန်းတွန်း ခရီးထွက်ဖို့ဆိုရင် ကျွန်မအဖြေက “No” ပါပဲ။ သိချင်ရင် ပုံတွေကြည့်ပြီး စာရှာဖတ်လိုက်ရင် ရတာမို့ ကိုယ်တိုင်ရောက်ဖူးစရာ မလိုဘူးလို့လည်း ထင်တယ်။

ဖေ့ဘုတ်တွေပေါ်လာတော့ လူအများစုက ခရီးတွေထွက်ကြတယ်။ တချို့ဆို မြန်မာပြည်အနှံ့တင်မက ဘဲ ဥရောပဘက်အထိ ခြေဆန့်ကြတယ်။ ခရီးထွက်နေတဲ့လူတိုင်းကလည်း သူဌေးတွေချည်းမဟုတ်ပါဘူး။ တ ချို့ဆို တစ်နှစ်လုံးပိုက်ဆံစုပြီး အလုပ်အားလပ်ရက်တွေမှာ ခရီးတွေထွက်တာတဲ့။ ပိုက်ဆံပဲစုနေတဲ့ ကျွန်မက တော့ အကြာကြီးရှာလို့ရသမျှကို ခဏလေးခရီးထွက်ပြီး အကုန်ခံနေကြတဲ့သူတို့တွေကို တကယ်နားမလည်နိုင် ဘူး။ တစ်နှစ်တစ်နှစ် နေရာအသစ်အဆန်းတွေဆီ ခရီးထွက်နေတတ်တဲ့ ကျွန်မသူငယ်ချင်းက ကျွန်မကို ခရီး ထွက်ဖို့ စရိတ်အကုန်အကျခံပြီး ခေါ်တယ်။ ကျွန်မက မလိုက်ချင်ပါဘူး။ သူက ကျွန်မကို ပြောတယ်။ “ ငါ့ကို တကယ်ခင်ရင် လိုက်ခဲ့ပါ” တဲ့။ ကျွန်မလည်း မငြင်းသာတော့တာနဲ့ သူနဲ့ခရီးထွက်တယ်။ သူက ကျွန်မကို လူတ ကာ သိပြီးသားနေရာမျိုးမခေါ်သွားဘဲ လူသိနည်းပြီး တကယ်အေးချမ်းတဲ့ တောင်ပေါ်ဒေသတစ်နေရာဆီခေါ် သွားတယ်။ မြေပြန့်သူကျွန်မအတွက် တောင်ပေါ်ဒေသရှုခင်းတွေက တကယ်ပဲ စိတ်ကြည်လင်လန်းဆန်းစေပါ တယ်။ ပုံထဲမြင်ရတာနဲ့ အပြင်မှာ တကယ်လက်တွေ့ခံစားရတဲ့ နေရာအသစ်အဆန်းအရသာက လုံးဝမတူပါ ဘူး။ ပြီးတော့ လူတွေလည်း မတူဘူး။ ပြောတဲ့စကားသံတွေပါ ကွဲပြားတယ်။ စားရတဲ့အစားအသောက်တွေ ဆိုလည်း သူ့ဒေသနဲ့သူ့အစားအစာ လိုက်ဖက်ညီတာမို့ အစားအစာချင်းတူရင်တောင် ကျွန်မတို့ဆီမှာစားလို့ ဒီအရသာမရနိုင်ပါဘူး။ ပြီးတော့ စိတ်တစ်ခုလုံးလည်း လန်းဆန်းသွားတယ်။ လူက တစ်ခုခုပြောင်းလဲလိုက်သ လို ခံစားရတယ်။ ခရီးထွက်တာ ဘာရလို့လဲ လို့ အမြဲတွေးနေတတ်တဲ့ကျွန်မအတွက် ခရီးထွက်ခြင်းကနေ တစ် ခုခုရလိုက်တာကိုလည်း သိသွားတယ်။ ပြီးတော့ အချိန်ကုန်၊ ငွေကုန်ခံပြီး လူတွေဘာကြောင့် ခရီးတွေ ထွက် နေကြတယ်ဆိုတာလည်း ကျွန်မ နားလည်သွားတယ်။

သူငယ်ချင်းက “ဘဝဆိုတာ တိုတိုလေးလေ။ ရုပ်ပိုင်းဆိုင်ရာပြည့်စုံဖို့ ငွေရှာရင်းနဲ့ပဲ ဖြတ်သန်းသွားရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ သေသွားတဲ့အခါ ကိုယ်ရှာခဲ့တဲ့ငွေအရေအတွက်က ကိုယ့်ဘဝမှာ နေရကျိုးနပ်စေမှာ မဟုတ်ဘူး သူငယ်ချင်း။ ကိုယ့်ဘဝကိုယ် ဘယ်လိုပျော်ရွှင်အောင်၊ အဓိပ္ပာယ်ရှိအောင် တည်ဆောက်ဖြတ်သန်း ခဲ့လဲဆိုတဲ့အပေါ်မှာပဲ နေရကျိုးနပ်တယ်လို့ ခံစားမိစေမှာပါ။ ခဏလေးနေရတဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်တတ်ဖို့လိုတယ်။ ခရီးထွက်တယ်ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်ချစ်တာပဲ။ စိတ်အပန်းပြေတယ်။ ဗဟုသုတ ရတယ်။ မိတ်ဆွေသစ်တိုးတယ်။ စိတ်ကော လူပါ ကျန်းမာပျော်ရွှင်စေတယ်။ ပိုက်ဆံကုန်သွားတာက ပြန်ရှာ လို့ရတယ်။ ကျန်းမာသန်စွမ်းတုန်း၊ သွားလာနိုင်တဲ့အရွယ်ရှိတုန်း၊ ကိုယ်ချစ်တဲ့သူတွေ အသက်ရှင်သန်နေတုန်း ခရီးထွက်ဖို့ ကြိုးစားသင့်တယ်။ အခုဆို ငါတို့သူငယ်ချင်းနှစ်ယောက်ကြားမှာ အမှတ်တရတစ်ခုလည်း ဖန်တီး လိုက်ပြီ။ ဒါကြောင့် ငွေလည်းရှာပါ။ နင့်ကိုယ်နင်လည်း ချစ်ပါ။ ခရီးထွက်တာတစ်ခုတည်းတော့မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်ရင် လုပ်ပေးနိုင်တဲ့အရာတွေ အများကြီှးရှိတာပေါ့။ ဥပမာ… ကိုယ်ဝါသနာပါတာလေးတွေ လုပ်တာ၊ ကိုယ့်ကျန်းမာရေးအတွက် အားကစားလုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာ ရပြည့်ဝတာလေးတွေ ကျွေးတာ၊ ကိုယ့်အနာဂတ်အတွက် စုဆောင်းထားတာ၊ နေရာတကာ အားနာ အနစ်နာခံ မနေဘဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ အဲ့ဒါမျိုးတွေပေါ့” လို့ ကျွန်မကို သူ့အမြင်လေး မျှဝေတယ်။

ကျွန်မလေ သူ့ကိုဘာမှပြန်မပြောဖြစ်ဘူး။

ဒါပေမဲ့… စိတ်ထဲမှာတော့ တွေးနေမိတယ်။ ဟုတ်တယ်။ ဘဝအတွက်လည်း ရှာဖွေစုဆောင်းရမယ်။ ပြီးတော့ ကျွန်မကိုယ်ကျွန်မ ချစ်ရာကျတဲ့ အရာလေးတွေလည်း လုပ်မယ်။ ခရီးတွေလည်း ထွက်မယ်။

သူငယ်ချင်းကမပြောလာရင်တောင် နောင်နှစ်ကျရင် ကျွန်မကပဲ “ တောင်ပေါ်ဒေသကို ရောက်ပြီးပြီ ဆိုတော့ ဒီနှစ်တော့ ပင်လယ်တွေဘက် ခရီးထွက်ကြမလား” လို့ ပြောမယ်လို့လည်း စိတ်ကူးနေမိတယ်။

သင်ကော… ဒီနှစ်အတွင်း သင့်ကိုယ်သင် ချစ်တဲ့အနေနဲ့ ဘယ်အရာလေးတွေလုပ်ပြီးပြီလဲ။