ဘာမှမလုပ်ရသေးခင်မှာ မဖြစ်နိုင်ဘူးဆိုတဲ့ ဆင်ခြေကို မပေးပါနဲ့။

blank

          တကယ်တော့ လူတွေ ကျရှုံးကြတယ်ဆိုတာ သူတို့မှာ စွမ်းဆောင်ရည် မရှိကြလို့ မဟုတ်ပါဘူး။ ဒုက္ခတွေကို ခံနိုင်ရည်စွမ်း မရှိကြလို့ပါ။

ကြိုးစားနေတဲ့ သင့်အနေနဲ့လည်း ကျရှုံးမှုတွေကို ဘဝမှာ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ ဘာမှမလုပ်ဘဲ အမှောင်ထဲမှာ ထိုင်စောင့်နေရုံနဲ့ အလင်းရောင်က အလိုလိုရောက်လာမှာ မဟုတ်ပါဘူး။ အလင်းရောင်ရလာဖို့ သင်ကိုယ်တိုင် နည်းလမ်းရှာဖွေရမှာပါ။ အောင်မြင်ဖို့ လျှောက်လှမ်းနေချိန်မှာ ကျရှုံးချိန်တွေလည်း အများကြီးရှိမှာပါပဲ။ ဒီအချိန်မှာ သင့်ရဲ့ခွန်အားတွေကို အသုံးချဖို့ မမေ့ပါနဲ့။ သင့်ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့သူဟာ သင်ကိုယ်တိုင်ပါ။

အခက်အခဲတွေ ကြုံနေရချိန်၊ စိတ်ပျက်အားငယ်နေရချိန်တွေမှာ ဘယ်သူတွေက အရှုံးသမားလို့ သတ်မှတ်သတ်မှတ် သင့်ကိုယ်သင် ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။ အရာရာကို သင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတာက အောင်မြင်မယ့် လမ်းစပါပဲ။ Gym သွားပြီး လေ့ကျင့်ခန်းတွေ အမှန်တကယ်လုပ်လိုက်ရင် ကြွက်သားတွေ သန်မာလာသလိုပဲ တစ်ခုခုကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒကို မွေးမြူပါ။

သက်တောင့်သက်သာလေး နေရတယ်ဆိုရင် ကျရှုံးမှုတွေ ကြောက်ရွံ့မှုတွေက ရှိနေမှာပဲ။ တကယ်တော့ ကျရှုံးမှုနဲ့ကြောက်ရွံ့မှုတွေဆိုတာ သင့်ဘဝကို မြှင့်တင်ပေးမယ့် သူငယ်ချင်းကောင်းတွေပါ။ တခြားသူတွေရဲ့ အဆိုးမြင်အတွေးတွေကြောင့် သင့်ကြိုးစားမှုတွေကို မရပ်တန့်လိုက်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သက်တောင့်သက်သာရှိခြင်းဆိုတာ သင့်အောင်မြင်မှုကို ဟန့်တားနေတဲ့အရာပါပဲ။ သင့်ရဲ့အနာဂတ်ဆုလာဘ်တွေဆိုတာ သင့်ရဲ့ဇွဲသတ္တိနဲ့ ကြိုးစားမှုအပေါ်မှာ မူတည်နေပါတယ်။ မကျေနပ်တာတွေ၊ ငိုကြွေးနေတာတွေကို ရပ်လိုက်ပါ။ ဆက်ကြိုးစားလိုက်ပါ။ ဘယ်သူ့အပေါ်မှ၊ ဘယ်အရာကိုမှ ဆင်ခြေမပေးပါနဲ့။ ပြစ်တင်မှုတွေ မလုပ်ပါနဲ့။ အမှားတွေကနေ သင်ခန်းစာယူပါ။ ခက်ခဲပင်ပန်းမှုတွေကို ကျော်ဖြတ်ပါ။

ပြဿနာအားလုံးကို အဖြေရှာပြီး အလုပ်အတွက်၊ လုပ်ဆောင်စရာရှိတဲ့အရာတွေ အတွက်၊ သင့်အနာဂတ်ဘဝအတွက် ပိုင်ဆိုင်ချင်တာတွေ ရယူလိုက်ပါ။ ကြမ်းတမ်းပါစေ၊ ချောမွေ့ပါစေ သင့်ရည်မှန်းချက်အတိုင်း လုပ်ဆောင်ရင်း ဘဝရဲ့ရိုက်ချက်တွေ ရှိလာရင်လည်း “ ငါ မအောင်မြင်မချင်း ဘယ်တော့မှ အရှုံးမပေးဘူး ” လို့ နှလုံးသွင်းထားပါ။ ပြီးတော့ အောင်မြင်မှုဆီ ဆက်လက်လျှောက်လှမ်းလိုက်ပါ။