သင့်ကလေး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှု မခံရနိုင်ဘူးလို့ ထင်လား။

A girl is unhappy doing homework

စာချစ်သူတို့ရေ….။

အခုတစ်လောမှာ သက်ငယ်မုဒိမ်းတွေ၊ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှု ခံရတာတွေ ဟိုတစ်စ၊ ဒီတစ်စကြားလာရပါတယ်။ ကျွန်မတို့အများစုထင်နေတာက ကျွန်မရဲ့သားသမီးတွေကို ရင်အုပ်မကွာစောင့်ရှောက်နိုင်မယ်ဆိုရင်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံမလာနိုင်ဘူးပေါ့။ ဒါပေမဲ့ ကလေးတွေက ကျွန်မတို့နဲ့ တစ်ချိန်လုံးအတူတူရှိနေဖို့ မဖြစ်နိုင်ပါဘူး။ သက်ငယ်မုဒိမ်းမှုတွေမှာ ကလေးငယ်တွေကိုယ်တိုင်က မုဒိမ်းမှုဆိုတာ ဘာလဲဆိုတာကို မသိတဲ့အတွက်၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရလို့ ခံနေရမှန်းမသိတဲ့အတွက်၊ ငြင်းဆန်ရကောင်းမှန်း ရုန်းထွက်ရကောင်းမှန်းမသိကြတဲ့အတွက် ကျူးလွန်ခံရတယ်လို့ သိရှိခဲ့ရပါတယ်။

နောက်တစ်ချက်က ကလေးငယ်တွေဟာ မျက်နှာစိမ်းတဲ့တွေနောက်ကို အလွယ်တကူလိုက်မသွားတတ်ပါဘူး။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုတွေမှာ အိမ်ကိုအဝင်အထွက်ရှိတဲ့သူ၊ လူကြီးတွေနဲ့ သိတဲ့သူတွေကပဲ ကျူးလွန်ကြတာများပါတယ်။ ကလေးတွေအနေနဲ့ ငြင်းဆန်တတ်ခဲ့မယ်ဆိုရင်၊ ရုန်းထွက်တတ်ခဲ့မယ်ဆိုရင်၊ အကူအညီတောင်းတတ်မယ်ဆိုရင် အဖြစ်ဆိုးတွေကနေ အနည်းနဲ့အများတော့ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရခြင်းမှာ ဆင်းရဲတာ လူနေမှုအဆင့်အတန်းနိမ့်ပါးတာတွေနဲ့ အနည်းငယ်ဆက်စပ်မှုရှိပေမယ့် ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာလည်း ကြုံလာနိုင်တာပါပဲ။ သင်ဟာ ဘယ်လိုနောက်ခံအသိုင်းအဝိုင်းကပဲဖြစ်ဖြစ် သင့်ရဲ့သားသားမီးမီးလေးတွေကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်ဖို့ အခြေခံအချက်လေးတွေကို သင်ပေးထားဖို့က အဓိကပါ။

အခုခေတ်မှာ မိဘတစ်ယောက်ရဲ့ အကြီးဆုံးတာဝန်လို့တောင် ပြောလို့ရတာပေါ့။

သင်ကော…သင့်ကလေးကို သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာလေးတွေကို ပြောပြဖြစ်လား။