လောကပြဇာတ်စင်ပေါ်က ကကြိုးစုံ

တနင်္ဂနွေမနက်တိုင်း ကျွန်မဟာ အိမ်နားက ပန်းခြံနားမှာ ပြေးလေ့ရှိပါတယ်။ ပန်းခြံထောင့်မှာ ရေကန်တစ်ကန်လည်း ရှိပါတယ်။ တစ်ခါတလေ ရေကန်နားမှာ ကျွန်မပြေးတဲ့အခါ လှောင်အိမ်လေးတစ်ခုဘေးမှာချထားပြီး ရေစပ်နားမှာထိုင်နေတဲ့ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးကို ခဏခဏတွေ့ရတတ်တယ်။

အဲ့ဒီအမျိုးသမီးကြီးကို တွေ့ရပါများတော့ သူ့အကြောင်း သိချင်လာခဲ့တယ်။ ဒါနဲ့ လွန်ခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ပြေးနေတာကို ကျွန်မရပ်လိုက်ပြီး သူ့နားသွားခဲ့တယ်။ သူ့အနားရောက်လာမှပဲ သူ့ဘေးက လှောင်အိမ်လေးက ခြင်းတောင်းအသေးလေးတစ်ခုဆိုတာ သတိထားမိခဲ့တယ်။ ခြင်းတောင်းနားမှာ တရွေ့ရွေ့သွားနေတဲ့ လိပ်သုံးကောင်လည်း ရှိနေပါတယ်။ ပြုတ်ကျမှာစိုးလို့ ရေမြှုပ် brush လေးနဲ့ ထိန်းနေတဲ့ လေးကောင်မြောက်လိပ်ကလေးကတော့ သူ့ပေါင်ပေါ်မှာ ရှိနေပါတယ်။

“ဟယ်လို” လို့ ကျွန်မ နှုတ်ဆက်လိုက်တယ်။ “တနင်္ဂနွေမနက်တိုင်း အစ်မကို ဒီနေရာမှာ တွေ့နေကျနော်။ အစ်မဒီလိပ်ကလေးတွေနဲ့ ဘာလုပ်နေတာလဲလို့ သိချင်လိုက်တာ” လို့ ကျွန်မ အဲ့ဒီအမျိုးသမီးကို မေးလိုက်တယ်။
သူက ပြုံးပြပြီး “သူတို့အခွံတွေကို သန့်ရှင်းပေးနေတာ” လို့ ပြန်ဖြေခဲ့တယ်။ “လိပ်ကျောကုန်းပေါ်မှာ ကပ်နေတဲ့ ရေညှိတွေ၊ အမှိုက်တွေက လိပ်တွေအတွက် အပူစုပ်ယူနိုင်စွမ်း လျော့ကျစေပြီး ရေကူးရာမှာလည်း အနှောက်အယှက်ဖြစ်တယ်လေ။ ကြာလာရင် လိပ်အခွံတွေကိုပါ ထိခိုက်လာနိုင်တယ်။” လို့ သူက အပြည့်အစုံရှင်းပြပါတယ်။

“ဝိုး…..ဒါဟာ ကောင်းတဲ့အလုပ်ပဲ အစ်မရေ”လို့ ကျွန်မ သူ့ကို ချီးမွမ်းစကားပြောလိုက်ပါတယ်။
“တနင်္ဂနွေမနက်တိုင်း ဒီရေကန်ဘေးမှာ အနားယူရင်း၊ ဒီလိပ်ကလေးတွေကို သန့်ရှင်းပေးရင်း ၂ နာရီလောက်တော့ အချိန်ကုန်ဆုံးဖြစ်တယ်။ ဒါဟာ ဘယ်သူ့ခိုင်းလို့မှမဟုတ်ဘဲ ကျွန်မဘာသာကျွန်မ စိတ်ကူးရလို့လုပ်တဲ့အလုပ်ပါ” လို့ သူက ပြန်ပြောပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ဒါပေမဲ့လည်း အစ်မရယ် ရေချိုလိပ်တွေက သူတို့သက်တမ်းတစ်လျှောက်လုံး အခွံမှာ ရေညှိတွေ၊ အမှိုက်တွေ တစ်ချိန်လုံး ကပ်နေတာပဲမဟုတ်လား”လို့ ကျွန်မ စူးစမ်းချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဒါပေါ့ ညီမရယ်။ သူတို့မှာ ပြောလည်းမပြောပြနိုင်တော့ သနားစရာလေးပေါ့”လို့ သူက ပြန်ပြောပါတယ်။
ကျွန်မလည်း ခေါင်းကိုကုတ်လိုက်ပြီး “အစ်မရဲ့အချိန်တွေကို ကောင်းကောင်းအသုံးချသင့်တယ်လို့ အစ်မမထင်ဘူးလား။ အစ်မရဲ့အားထုတ်မှုလေးတွေက အရမ်းကိုကြင်နာတတ်တာပဲလို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာလည်း ကန်ထဲမှာနေတဲ့ ရေချိုလိပ်တွေရှိတာပါပဲ။ ရေချိုလိပ် ၉၉% လောက်ရဲ့အခွံတွေကို သန့်ရှင်းပေးမယ့် အစ်မလိုကြင်နာတတ်သူတွေ သူတို့အနားမှာ ရှိကြမှာမဟုတ်ဘူးလေ။ အဲ့တော့ အစ်မလုပ်နေလည်း ဘာထူးမှာလဲ။ အစ်မ တတ်နိုင်တဲ့အားလေးနဲ့ ဘယ်လောက်တောင်ပြောင်းလဲမှု လုပ်နိုင်မှာမို့လဲ ” လို့ ကျွန်မ ပြောလိုက်တော့…..

အဲ့ဒီအမျိုးသမီးက တဟားဟားရယ်နေပါတော့တယ်။ ပြီးတော့ သူ့ပေါင်ပေါ်က လိပ်ကလေးကို ငုံ့ကြည့်ပြီး ကျောကုန်းပေါ်က ကပ်ကျန်နေတဲ့ရေညှိဖတ်လေးကို ဖယ်ပေးလိုက်ပါတယ်။ “ဒီကောင်လေးသာ စကားပြောနိုင်ရင်လေ ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေကို ကျွန်မလုပ်နိုင်ခဲ့တာပဲလို့ သူ ကျွန်မကို ပြောလိမ့်မယ်”လို့ အမျိုးသမီးက ကျွန်မကို ပြန်ပြောလိုက်ပါတော့တယ်။

စာချစ်သူတို့ရေ ဒီပုံပြင်လေးက ရလိုက်တဲ့သင်ခန်းစာကတော့…….

သင်ဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ်။ ကမ္ဘာကြီးကိုလုံးဝပြောင်းလဲသွားအောင်တော့ တစ်ကြိမ်တည်းနဲ့ လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်လိုက်တဲ့ပြောင်းလဲမှုလေးက လူတစ်ယောက်၊ တိရစ္ဆာန်တစ်ကောင်ကို တစ်ချိန်တည်းမှာ ကယ်တင်ပြီးသားဖြစ်သွားစေပါတယ်။

ဒါကြောင့် နံနက်အိပ်ရာထတာနဲ့ ဘယ်လိုထူးခြားကွဲပြားမှုလေးတွေ သင်ကိုယ်တိုင်လုပ်နိုင်လဲဆိုတာ စဉ်းစားပါ။ ပြီးတော့ လက်တွေ့ဆောင်ရွက်လိုက်ပါနော်။

ကောင်းမွန်တဲ့စိတ်လေးနဲ့ ပြောင်းလဲမှုတစ်ခုကို သင်ကိုယ်တိုင် စတင်ရင်း မိတ်ဆွေများအတွက်လည်း ဒီလိုအတွေးလေးတွေရစေဖို့ စာစောင်လေးကို ဝေမျှလိုက်ရအောင်။