ဇနီးသည်ကို အမေးရပ်သွားစေတဲ့ ခင်ပွန်းသည်ရဲ့အဖြေ

blank

တစ်ခါက လင်မယားစုံတွဲတစ်တွဲဟာ အိမ်တစ်အိမ်ကို ပြောင်းရွေ့ လာပါတယ်။ တစ်မနက်မှာတော့ ဇနီးဖြစ်သူဟာ အိပ်ရာထပြီး ပြတင်းပေါက်နားရပ်နေခဲ့တယ်။ သူမဟာ ဘေးအိမ်ကအမျိုးသမီးတစ်ဦး အဝတ်လှန်းနေတာကို ရပ်ကြည့်နေခဲ့တယ်။

လှန်းထားတဲ့အဝတ်တွေကို ငေးကြည့်ပြီး “ယောက်ျားရေ…ကြည့်ပါဦး။ ဟိုဘက်အိမ်ကအမျိုးသမီး အဝတ်လှန်းထားတာလည်း ညစ်ပတ်နေတာပဲ” လို့ ခင်ပွန်းဖြစ်သူကို လှမ်းပြောလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခင်ပွန်းဖြစ်သူကတော့ ဇနီးပြောတာကို ဂရုမစိုက်ဘဲ သူ့သတင်းစာကိုပဲ ဆက်ဖတ်နေပါတယ်။

နောက်တစ်နေ့မှာလည်း ဇနီးဖြစ်သူဟာ ဘေးအိမ်က အဝတ်လှန်းတာကို ကြည့်နေခဲ့ပြန်တယ်။ “ဆပ်ပြာပဲ မကောင်းတာလား၊ မလျှော်တတ်လို့လားမသိဘူး။ ဒီနေ့လည်း အဝတ်တွေက မည်းနေပြန်ပြီ၊ ယောက်ျားရေ” လို့ ခင်ပွန်းဖြစ်သူကို လှမ်းပြောလိုက်ပါတယ်။

ရက်အနည်းငယ်ကြာသည့်တိုင် ဇနီးဖြစ်သူဟာ ဘေးအိမ်ကအမျိုးသမီးလှန်းထားတဲ့ ညစ်ပတ်နေတဲ့အဝတ်အစားတွေကို မြင်ရတိုင်း အံ့အားသင့်ရတာအခါခါပါပဲ။ တစ်နေ့မှာတော့ “ကျွန်မတို့ အဲ့ဒီအမျိုးသမီးကို အဝတ်ဘယ်လိုလျှော်ရတယ်ဆိုတာ သွားသင်ပေးရင်ကောင်းမယ်ထင်တယ်နော်” လို့ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်လိုက်ပါတယ်။

ခင်ပွန်းဖြစ်သူကတော့ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှမဟခဲ့ပါဘူး။

နောက်တစ်နေ့မနက်မှာတော့ ဇနီးဖြစ်သူဟာ အိပ်ရာနိုးလို့ ပြတင်းပေါက်ကနေ ဘေးအိမ်ကို လှမ်းကြည့်လိုက်တဲ့အခါ အရမ်းကိုအံ့အားသင့်ပြီး “အမလေး…ဒီနေ့တော့ အဝတ်တွေက အရမ်းကိုသန့်ရှင်းတောက်ပြောင်နေပါလား။ ကြည့်ရတာ ဘေးအိမ်ကအမျိုးသမီး အဝတ်ဘယ်လိုလျှော်ရမယ်ဆိုတာ သိသွားပြီနဲ့တူတယ်” လို့ အော်ပြောလိုက်ပါတယ်။

“မဟုတ်ပါဘူးဟာ။ အဲ့ဒါဘေးအိမ်ကအမျိုးသမီးကြောင့် မဟုတ်ဘူး။ ဒီနေ့ ငါ မနက်စောစောထပြီး ပြတင်းပေါက်က မှန်တွေကို သေချာပြောင်အောင်သုတ်လိုက်တာ” လို့ ခင်ပွန်းဖြစ်သူက ပြန်ဖြေလိုက်ပါတယ်တဲ့။

ဒီပုံပြင်လေးကနေ ရလိုက်တဲ့ မှတ်သားစရာလေးကတော့…

တစ်ခါတလေမှာ ကျွန်မတို့မျက်စိနဲ့မြင်ရရင်တောင် အမှန်တရားကို မသိနိုင်ဘူးဆိုတာ နားလည်ထားရပါမယ်။ ဒါကြောင့် ကျွန်မတို့အတွေးတွေ မရှင်းမလင်း၊ အခြေအနေတွေအားလုံးကို နားမလည်ဘဲနဲ့ လူတစ်ယောက်အပေါ် မဝေဖန်သင့်ပါဘူး။

စာချစ်သူတို့ရော ဒီပုံပြင်လေးအပေါ် ဘယ်လိုမြင်ပါသေးလဲ။ ပြောခဲ့ဦးနော်။