လူတွေရဲ့ ပါးစပ်ဖျားမှာပဲ ကိုယ့်ဘဝကို ရေစုန်မျောလိုက်တော့မှာလား…

ကျွန်မဟာ ဝလို့ကော၊ ပိန်လို့ပါ အလှောင်ပြောင်ခံရဖူးသူတစ်ယောက်ပါ။ ဝလို့ အလှောင်ခံရတာပဲဖြစ်ဖြစ်၊ ပိန်လို့ အပြောင်ခံရတာပဲဖြစ်ဖြစ် နှစ်ခုလုံးကတော့ အတူတူ နာကျင်ရတာချည်းပါပဲ။ ဆယ်ကျော်သက်ကောင်မလေး ၉၄ ရာခိုင်နှုန်းဟာ body shaming လုပ်တာကို ခံစားရဖူးပါတယ်တဲ့။ Body shaming လို့ပြောလိုက်ရင် အများစုက ဝတာကို လှောင်ပြောင်တဲ့ fat shaming ကိုပဲ မြင်မိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ကိတ်မှ လှတယ်လို့ ယူဆကြတဲ့ လူ့အဖွဲ့အစည်းထဲမှာ နေနေတာဖြစ်တာကြောင့် ပိန်တာကို လှောင်ပြောင်ခြင်းဖြစ်တဲ့ Skinny shaming ကိုလည်း မကြာခဏတွေ့ရတတ်ပါတယ်။

ကျွန်မဟာ ငယ်ငယ်တုန်းက အရမ်းဝပါတယ်။ အကျီင်္လှလှလေးတွေ့လို့ သဘောကျပြီး ဝတ်မိတဲ့အခါ အကျီင်္ပြဲတော့မှာပဲဆိုပြီး အလှောင်ပြောင်ခံရတယ်။ ပြီးတော့ ကျွန်မက ကြွက်သားတွေနဲ့မို့ ကျောက်တုံးကြီးနဲ့တောင် တူသတဲ့လေ။ ကျွန်မရဲ့ ဘောလုံးအသင်းကဆိုရင် ကျွန်မကို ဘူဒိုဇာ လို့ခေါ်ကြပါတယ်။

ဘတ်စ်ကားစီးရခြင်းကတော့ ကျွန်မအတွက် အဆိုးဆုံးရန်သူပါပဲ။ အဲ့ဒီအချိန်ကျရင်လေ ကျွန်မကို ဘယ်သူမှမမြင်စေဘဲ ကိုယ်ပျောက်သွားနိုင်ဖို့ ဘာမဆိုကို လုပ်ချင်တာ။ ဒါပေမဲ့ လူတွေကတော့ ကျွန်မကို လှောင်တုန်း၊ ပြောင်တုန်းပါပဲ။ နေ့စဉ်နေ့တိုင်း ကျွန်မ ကြားနေရတဲ့မေးခွန်းကတော့ “နင် ဘာလို့ ဒီလောက်တောင် ထွားနေရတာလဲ”တဲ့။

တချို့လူတွေဆိုရင် ကျွန်မကို သိတောင်မသိဘဲ ခွဲခြားဆက်ဆံကြပါတယ်။ သူငယ်ချင်းတွေ၊ ဆရာမတွေကလည်း ကျွန်မကို အမြဲစနေကြတာပါပဲ။ ကျွန်မကလည်း သူတို့လှောင်တာ၊ ပြောင်တာတွေကို ခေါင်းတညိတ်ညိတ်နဲ့ လက်ခံခဲ့မိတာပေါ့။ ဒီလိုလက်ခံနေမိခဲ့လို့လည်း သူတို့ စ,တိုင်း ရယ်မောနေတတ်တဲ့ကောင်မလေးဟာ ပုံမှန်အဝတ်အစားတွေကိုတောင် မတော်လို့ အဝတ်လဲခန်းတွေမှာ မကြာခဏကြိတ်ငိုခဲ့ရတယ်ဆိုတာ သူတို့ လုံးဝမသိဘူးလေ။

အထက်တန်းတက်ရတော့မယ့် နွေရာသီမှာတော့ ကျွန်မ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကျွန်မ ဘယ်လောက်တောင် စိတ်ကုန်နေပြီဆိုတာ တွေးမိလာတယ်။ လှဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ပိန်ဖို့ပဲ။ ပိန်မှပဲ မိတ်ဆွေတွေအများကြီးရမယ်။ ကောင်လေးတွေကလည်း ကျွန်မကို သဘောကျလာလိမ့်မယ်ပေါ့။

ဒါကြောင့်ပဲ လေးလအတွင်းမှာ ပေါင် ၆ဝ တောင်လျှော့ချနိုင်ခဲ့ပါတယ်။ ဝိတ်ကျဖို့ အလျင်မြန်ဆုံးနည်းက မစားဘဲ နေတာပဲ လို့ ဆုံးဖြတ်ပြီး တစ်နေ့လုံးနေမှ ထမင်းတစ်နပ်၊ တစ်ခါတလေ တစ်နပ်တောင်မစားဘဲ နေခဲ့တယ်။ စားမိတဲ့ တစ်နပ်က ကယ်လိုရီတွေ ပြန်လောင်ကျွမ်းစေဖို့အတွက်လည်း လေ့ကျင့်ခန်းတွေ အသည်းအသန်လုပ်ခဲ့တယ်။ ပိန်သွားရင် ကျွန်မဘယ်လောက်တောင် လှလာမလဲဆိုတာကို အရမ်းရင်ခုန်တာပဲ။

ကျောင်းတက်ရချိန်မှာတော့ ကျွန်မခန္ဓာကိုယ်အတွက် ယုံကြည်မှုအပြည့်နဲ့ပါပဲ။ ကျွန်မ ဝတ်နေကျ ဘောင်းဘီတွေဟာ ကျွန်မအတွက် အကြီးကြီးတွေ ဖြစ်ကုန်ပြီလေ။ ဗိုက်အဆီတွေကြောင့် မဝတ်ရဲခဲ့တဲ့ crop top တွေလည်း ရောင်စုံကို ဝယ်ထားလိုက်ပြီ။

ဒါဟာ ကျွန်မဘဝမှာ လူတွေရဲ့ ဂရုစိုက်မှုတွေကို ပထမဆုံး ခံခဲ့ရတဲ့အချိန်ပါ။ ကျွန်မထက်ငယ်တဲ့ ကျောင်းသူလေးတစ်ယောက်ကဆို ကျွန်မဆီ လာပြီး ကျွန်မပါးရိုးတွေဟာ မြင့်မြင့်လေးနဲ့ ထင်ရှားနေတာမို့ အရမ်းသဘောကျကြောင်း လာပြောခဲ့ပါတယ်။ သူမကို ကျေးဇူးတင်စကားပြောပြီး ထွက်လာခဲ့ပေမယ့် ကျွန်မစိတ်ထဲမှာတော့ “ဒီလိုဖြစ်လာနိုင်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ နင် တွေးမိမှာတောင် မဟုတ်ဘူး”လို့ ပြောနေမိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဝိတ်ချရခြင်းဟာ အရမ်းပင်ပန်းပေမယ့် ပိန်သွားရတာကို အရမ်းသဘောကျတာပဲ။

ကောင်လေးတွေလည်း ကျွန်မကို ပထမဆုံးအကြိမ်အဖြစ် ဂရုစိုက်လာကြပြီလေ။ ကျွန်မက သူတို့ကို ရူးသွပ်သွားစေတယ်တဲ့။ ဒီလို ဂရုစိုက်မှုတွေကို ဘယ်လို ပြန်တုံ့ပြန်ရမလဲတောင် စဉ်းစားမရပါဘူး။

ဒါပေမဲ့ ဒီကြည်နူးမှုတွေဟာ ကြာရှည်မခံလိုက်ပါဘူး။

ဘာလို့လဲဆိုတော့ အလွန်အမင်းဝိတ်ချခြင်းရဲ့ အဖိုးအခဟာ ကျွန်မကို ကိုယ်ကျန်းမာရေးကိုကော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေခဲ့တာမို့ပါပဲ။ ပုံမှန်အရာလေးတွေကို လုပ်ဖို့တောင်မှ ကျွန်မအတွက် အရမ်းပင်ပန်းလာပါတယ်။ တံမြက်စည်းလေးတစ်ချောင်းကိုတောင်မှ မဖို့ အင်အားမရှိဘူး။ ကျောင်းကနေအိမ်ကို ပြန်လာတယ်။ နှစ်နာရီလောက် အိပ်တယ်။ သင်တန်းသွားတယ်။ ပြန်လာတယ်။ ဆယ်နာရီဆိုအိပ်တယ်။ ဒါနဲ့များတောင်မှ ကျွန်မ ဘာလို့ အားအင်ကုန်ခန်းသလို ဖြစ်နေမှန်းကို မသိဘူး။

ကျွန်မ ခန္ဓာကိုယ်က အဆီနဲ့ ကြွက်သားတွေ လျော့ကျသွားသလိုပဲ ကျွန်မ စိတ်အခြေအနေတွေဟာလည်း တော်တော်ကို ပျက်စီးလာခဲ့တယ်။ ကျွန်မ သဘောကျရတဲ့လူတွေနဲ့ ဆက်တိုက်နှိုင်းယှဉ်ရင်း မငိုခဲ့ရတဲ့နေ့တစ်နေ့မှမရှိပါဘူး။ အဲ့ဒီနောက်မှာတော့ နင် ဘာလို့ဒီလောက်တောင် ပိန်နေရတာလဲ၊ ဘာလို့ ဒီလောက်တောင် ချိနဲ့နဲ့ပုံပေါက်နေတာလဲ၊ အစားများများစားစမ်းပါဆိုတဲ့ မှတ်ချက်တွေ စတင်ကြားလာရပါတော့တယ်။

ကျွန်မ နားမလည်တာက လူတွေက ကျွန်မကို အစားလျှော့စားဖို့ ပြောလွန်းလို့ ကျွန်မ မစားဘဲနေလိုက်တယ်လေ။ ဒါတောင်မှ ကျွန်မကို ဘာလို့ ဆက်ပြောနေကြသေးတာလဲ။ အခုဆိုရင် သူတို့အတွက် လှောင်ပြောင်စရာအသစ်တောင်ရသွားပြီလေ။ ဆက်တိုက်ငိုရလွန်းလို့ ဖြစ်လာတဲ့ ဖောင်းကားနေတဲ့ ကျွန်မ မျက်အိတ်တွေကို၊ ခွက်နေတဲ့ ကျွန်မရဲ့ တင်ပါးရိုးတွေကို၊ ပါးလျလာတဲ့ ဆံပင်တွေကိုပေါ့။

ဒီအချိန်မှာ ကျွန်မတစ်ဘဝလုံးအားကျခဲ့ရတဲ့ မမက ကျွန်မကို အားပေးစကားတွေ ဆိုခဲ့ပါတယ်။ အားကျဆို မမက အရပ် ငါးပေ ဆယ်လက်မတောင်ရှိပြီး မော်ဒယ်လေးလို၊ ဘာဘီရုပ်လေးလို ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးလေ။ မမလိုလေး ပိန်ပြီး လှရင် သေပျော်ပြီလို့တောင် တွေးမိဖူးတယ်။ ဒါကိုတောင်မှ သူလည်း လှောင်ပြောင်ခံခဲ့ရကြောင်း၊ အရပ်ရှည်လွန်းလို့၊ ပိန်လွန်းလို့ဆိုပြီး အပြစ်ဆိုကြလွန်းလို့ ကျွန်မလိုပဲ စိတ်မလုံမခြုံဖြစ်မှုတွေကို ခံစားနေခဲ့ရကြောင်း ပြောပြတော့ ကျွန်မ အရမ်းအံ့သြသွားတယ်။ တကယ်တော့ လူတွေဟာ သူတို့မှာ မရှိတာကိုပဲ လိုချင်ကြတာပါလို့ မမက ပြောပြခဲ့တယ်။ ကိုယ် စိတ်ပျက်နေရတဲ့ ကိုယ့်ခန္ဓာကိုယ်ကို အရမ်းသဘောကျနေတဲ့ သူတစ်ယောက်တော့ ရှိကိုရှိပါတယ်တဲ့လေ။

တကယ်တော့ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိဖို့အတွက် အစားမစားဘဲ နေခဲ့တယ်ဆိုတာ ကြောက်စရာအကောင်းဆုံးအတွေးတွေထဲက တစ်ခုပါ။ ကိုယ်ဘယ်လိုပုံပဲဖြစ်နေပါစေ ကဲ့ရဲ့မယ့်သူကတော့ ကဲ့ရဲ့မှာပါပဲ။ ဒါကြောင့် ကိုယ့်ကို အာရုံစိုက်လာစေချင်လို့ မစားနိုင် မသောက်နိုင်နေပြီး စိတ်ဓာတ်ကျတာတွေအားလုံးဟာလည်း အဓိပ္ပာယ်မရှိဘူးဆိုတာ သဘောပေါက်သွားခဲ့ပါပြီ။

ဒါကြောင့် ကျွန်မလိုပဲ body shaming လုပ်ခံနေရသူတွေကို သိစေချင်တာက တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် သူများနဲ့ ယှဉ်နေတာကို ရပ်တန့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးပါ။ တကယ်တော့ ကိုယ့်ပုံရိပ်ဆိုတာ လူတွေရဲ့ ကိုယ့်အပေါ် အမြင်ကို ပြောတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲဆိုတာကိုပါ။

စာချစ်သူတို့ဘဝမှာကော body shaming လုပ်ခံရဖူးလား…