တစ်ခါတလေ မိန်းကလေးတစ်ယောက်ကို ဒုက္ခရောက်စေတာက တခြားမိန်းကလေးတစ်ယောက်ဖြစ်နေတတ်ပါတယ်

blank

           ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူမနာမည်က တိုးတိုးတဲ့။ တိုးတိုးက လူတိုင်းကို စိတ်ထဲကအတိုင်း ဘွင်းဘွင်းရှင်းရှင်းပြောဆိုဆက်ဆံတတ်တာမို့ တခြားသူတွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်တတ်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တိုးတိုးနဲ့ ကျွန်မ မုန့်စားနေတုန်း တိုးတိုးသူငယ်ချင်း အောင်မင်း ရောက်လာပါတယ်။ အဲ့ဒီနောက်မှာတော့ စကားပြောရင်းဆိုရင်းနဲ့ပဲ သူ အသည်းကွဲနေတာဖြစ်ကြောင်းပြောရင်း သူ့ကောင်မလေးအကြောင်းပြောဖို့လုပ်ပါတော့တယ်။ သူ့ကောင်မလေးကလည်း ကျွန်မတို့ အသိတစ်ယောက်ပါပဲ။ ဒါ့အပြင် တိုးတိုးနဲ့ ပြဿနာတက်ဖူးတဲ့သူတစ်ယောက်ဖြစ်နေပါတော့တယ်။ ဒီအခါမှာ အောင်မင်းကလည်း ဝမ်းသာအားရဖြစ်ပြီး သူ့ရည်းစားဟောင်းက သူ့အပေါ် ဘယ်လိုရက်စက်ကြောင်း၊ သစ္စာမရှိကြောင်းတွေပြောဖို့လုပ်ပါတော့တယ်။ တိုးတိုးကိုလည်း သူနဲ့မတည့်တဲ့သူရဲ့ မကောင်းကြောင်းမို့ နားထောင်ချင်နေမယ်လို့ ထင်လိုက်တာပေါ့။ ဒါပေမဲ့ တိုးတိုးက လက်ကာလိုက်ပြီး…

             “ငါလည်းမိန်းကလေးတစ်ယောက်ပါ။ မိန်းကလေးအကြောင်း မကောင်းပြောတာတွေကို လက်ခံပြီးတော့ နားမထောင်ချင်ဘူး။” လို့တားလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

         အောင်မင်းလည်း နည်းနည်းတော့ အောင့်သီးအောင့်သက်ဖြစ်သွားပုံရပေမယ့် ဆက်တော့ မပြောတော့ပါဘူး။ အဖြစ်အပျက်က ဒီလောက်လေးပဲဆိုပေမယ့် ကျွန်မစိတ်ထဲမှာတော့ အတွေးအများကြီးကျန်နေခဲ့ပါတယ်။ ကျွန်မဆိုရင်ကော ကျွန်မနဲ့မတည့်တဲ့သူရဲ့ မကောင်းကြောင်းကို နားထောင်ဖို့ တိုးတိုးလို ငြင်းဆန်နိုင်ပါ့မလား။ နားမထောင်ချင်ဘူးဆိုရင်တောင်မှ ငါ မကြားချင်ဘူးလို့ ဒဲ့ပြောပြီး ငြင်းဆိုနိုင်ပါ့မလား။ ကိုယ်က စိတ်မဝင်စားပေမယ့် ပြောတဲ့သူကို အားနာလို့ နားထောင်တယ်ဆိုရင်တောင် တချို့အကြောင်းအရာတွေကတော့ စိတ်ထဲကျန်နေခဲ့မှာပဲလေ။

           မိန်းကလေးတစ်ယောက်ကို ဒုက္ခပေးနိုင်တာဟာ ယောကျာ်းတွေဖြစ်နိုင်ပေမယ့် တစ်ခါတလေမှာတော့ မိန်းကလေးတစ်ယောက်ကို ဒုက္ခရောက်စေတာက တခြားမိန်းကလေးတစ်ယောက်ပါ။ ကျွန်မတို့ မိန်းမသားတွေသာ အချင်းချင်းညီညွတ်ကြပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ အတင်းအဖျင်းပြောနေတာကို လက်ခံပြီး နားထောင်မနေဘဲ ငြင်းဆန်တတ်ခဲ့မယ်၊ တစ်ယောက်နဲ့တစ်ယောက်လိုအပ်တဲ့အကူအညီတွေပေးမယ်၊ တစ်ယောက်ရဲ့ဘဝ တိုးတက်လာအောင် တစ်ယောက်က ကူညီပေးမယ်ဆိုရင် ကျွန်မတို့မိန်းမသားတွေရဲ့ လူနေမှုဘဝကဏ္ဍဟာ ဒီ့ထက်ပိုမြင့်မားလာနိုင်မလား…