ပြောင်းလဲခြင်းအဆိပ်တွေသင့်နေတဲ့ သင့်ချစ်သူအတွက် အချစ်ဖြေဆေး

blank

တစ်ခါက တောရွာလေးတစ်ရွာမှာ လင်မယားစုံတွဲတစ်တွဲနေထိုင်ကြသတဲ့။ ခင်ပွန်းက အရမ်းချစ်တတ်တဲ့နှလုံးသားပိုင်ရှင်လေးပေါ့။ တစ်နေ့မှာ သူဟာ စစ်တိုက်ထွက်သွားပြီး အိမ်ပြန်လာတဲ့နောက်ပိုင်းမှာ အရမ်းကိုဒေါသတွေကြီးလာပြီး အရင်ကနဲ့မတူတော့လောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။ ဇနီးဖြစ်သူကိုယ်တိုင်လည်း သူနဲ့အတူနေထိုင်ဖို့ ကြောက်ရွံ့လာတဲ့အထိ သူ့စိတ်ဟာ  ကြမ်းတမ်းလာခဲ့တယ်။

အဲ့ဒီလင်မယားနေထိုင်တဲ့ရွာလေးမှာပဲ လူတွေက သူတို့ပြဿနာတွေကို အဖြေရှာဖို့ သွားရောက်မေးမြန်းလေ့ရှိတဲ့ ဗေဒင်ဆရာတစ်ဦးရှိသတဲ့။ တစ်နေ့မှာတော့ ဇနီးဖြစ်သူက သူမအခက်အခဲတွေအတွက် အကြံဉာဏ်တောင်းဖို့ အဲ့ဒီဗေဒင်ဆရာဆီသွားခဲ့ပါတယ်။ အဲ့ဒီအခါမှာ ဗေဒင်ဆရာက ဇနီးသည်ရဲ့ပြဿနာကို မေးမြန်းပါတယ်။

ဇနီးသည်ကလည်း သူမကြုံတွေ့နေရတဲ့အခြေအနေကို ရှင်းပြခဲ့တယ်။ အဲ့ဒီအခါ ဗေဒင်ဆရာက “ ဟာ…ဒီလိုအခြေအနေမျိုးဆိုတာက စစ်ပွဲကပြန်လာတဲ့စစ်သားတိုင်း ဖြစ်တတ်ကြတာပဲ။ နင့်အတွက် ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ” လို့ ပြန်မေးခဲ့ပါတယ်။

“ကျုပ်ကို နည်းလမ်းတစ်ခုခုပေးပါ။ ဒါမှမဟုတ်ရင်လည်း စစ်တိုက်မသွားခင်ကလို ကျုပ်ယောက်ျားကို အရင်လိုပြန်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ဆေးတစ်မျိုးမျိုးတော့ ပေးလိုက်ပါ” လို့ ဗေဒင်ဆရာရဲ့အမေးကို ဇနီးသည်က ချက်ချင်းပဲပြန်ဖြေခဲ့တယ်။

“ဒီမှာ ကလေးမ၊ နင်တောင်းဆိုတာကြီးကလည်း မဟုတ်သေးပါဘူး။ အဖြေရှိလိုရှိငြား စဉ်းစားပြီး ရှာဖို့လိုသေးတယ်ဟ။ မနက်ဖြန်မှပြန်လာခဲ့” လို့ ဗေဒင်ဆရာက ပြောခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာ ဇနီးသည်ဟာ ဗေဒင်ဆရာ့ဆီကို ပြန်လာခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗေဒင်ဆရာက သူမကို အပြုံးနဲ့နှုတ်ဆက်ပြီး “ကလေးမရေ နင့်အတွက် သတင်းကောင်းရှိတယ်ဟေ့။ နင့်ယောက်ျားကို အရင်လိုပုံမှန်ပြန်ဖြစ်နိုင်မယ့် ဆေးနည်းတွေ့ထားပြီ။ ဒါပေမဲ့ အဲ့ဒီဆေးဖော်ဖို့ လိုအပ်တဲ့ပစ္စည်းကတော့ နည်းနည်းထူးဆန်းတယ်ဟ။ နင် ငါ့ဆီကို ကျားအရှင်ကနေရတဲ့နှုတ်ခမ်းမွေး ယူလာပေးရမယ် ” လို့ ပြောခဲ့ပါတယ်။

အဲ့ဒီအခါ ဇနီးသည်အမျိုးသမီးဟာ ထိတ်လန့်သွားပြီး “ဘာရယ်….။ မဖြစ်နိုင်ဘူးလေ” လို့ ပြန်ပြောခဲ့ပါတယ်။

“အဲ့ဒါမပါဘဲ ငါ့ဆေးက ဖော်လို့မရဘူးဟ။ နောက်ပြီး တခြားနည်းလမ်းလည်း မရှိဘူး။ ဒီမှာ ငါနဲ့ စကားတွေအများကြီးပြန်ပြောမနေတော့ဘဲ အခုပဲသွားရှာရမယ်၊ ကလေးမ” လို့ ဗေဒင်ဆရာက ပြန်ပြောခဲ့တယ်။

ဇနီးဖြစ်သူလည်း စိတ်ပျက်လက်ပျက်နဲ့ အိမ်ကိုပြန်ခဲ့တယ်။ သူမယောက်ျားကို အရင်လိုပုံစံမျိုး ပြန်ဖြစ်စေချင်တာကြောင့် ကျားအရှင်ရဲ့နှုတ်ခမ်းမွေးရနိုင်မယ့်နည်းလမ်းတွေကို တစ်ညလုံးစဉ်းစားနေခဲ့တယ်။

ဇနီးသည်ဟာ သူတို့ရွာနားက တောင်ထိပ်မှာ ကျားဂူရှိတယ်ဆိုတဲ့အကြောင်း အရင်ကကြားခဲ့ဖူးတယ်။ ဒါကြောင့် နောက်တစ်နေ့ အာရုဏ်မတက်ခင်ကတည်းက အိပ်ရာထပြီး ထမင်းနဲ့အသားတွေချက်ပြုတ်ပြင်ဆင်ခဲ့တယ်။ ပြီးတော့ ပန်းကန်တစ်လုံးထဲမှာထည့်ပြီး တောင်ထိပ်က ကျားဂူရှိရာကို ယူလာခဲ့တယ်။

သူမလည်း အစတော့ ကျားဂူနားကပ်ဖို့ ကြောက်ရွံ့နေခဲ့တယ်။ သူမယောက်ျားကို ပုံမှန်ပြန်ဖြစ်စေချင်တဲ့ဆန္ဒကြောင့် ကြောက်ကြောက်နဲ့ ပန်းကန်ကို ကျားဂူနားမှာ တိတ်တိတ်လေးထားခဲ့တယ်။ ပြီးမှ သတိကြီးကြီးနဲ့ တောင်အောက်ကိုပြန်ဆင်းလာခဲ့တယ်။

နောက်တစ်နေ့လည်း အသားနဲ့ထမင်းကို ပန်းကန်ထဲထည့်ပြီး တောင်ထိပ်ပေါ်ကို ရောက်လာပြန်တယ်။ သူမရောက်လာတဲ့အခါ အရင်နေ့ကထားခဲ့တဲ့ပန်းကန်ကို အခွံပဲတွေ့တော့တယ်။ အဲ့ဒီပန်းကန်ထဲကို ဒီနေ့ယူလာတဲ့ထမင်းနဲ့အသားကို ထပ်ဖြည့်ခဲ့တယ်။ ပြီးတော့ ဂူထဲမှာ ကျားရှိ၊ မရှိကို မကြည့်ဘဲ တိတ်တိတ်လေးပြန်လာခဲ့တယ်။

တစ်နေ့ပြီးတစ်နေ့ တောင်ထိပ်ပေါ်ကို ပန်းကန်လေးနဲ့ရောက်ရောက်လာတာဟာ လချီကြာလာခဲ့ပေမယ့် သူမဟာ ကျားကိုတစ်ခါမှမမြင်ခဲ့ပါဘူး။ ခြေရာတွေကို ကြည့်ပြီးခန့်မှန်းရသလောက်တော့ ထမင်းနဲ့အသားတွေကိုစားခဲ့တာဟာ ကျားပဲဖြစ်ရမယ်လို့ သူမကထင်နေခဲ့ပါတယ်။

တစ်နေ့ သူမတောင်ပေါ်ကို ရောက်လာချိန်မှာ ကျားကြီးဟာ ဂူထဲကနေ ခေါင်းပြူနေတာကို သတိထားမိခဲ့တယ်။ သူမလည်း အရမ်းကိုကြောက်ကြောက်လန့်လန့်နဲ့ ပန်းကန်ထဲကို ထမင်းနဲ့အသားတွေပြန်ဖြည့်ပြီး တစ်လှမ်းချင်းနောက်ဆုတ်ပြီး ပြန်လာခဲ့ရတယ်။

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် သူမတောင်ပေါ်ကိုရောက်လာချိန်မှာ ကျားကြီး ဂူအပြင်ထွက်နေတာကို သတိထားမိခဲ့တယ်။ သူမဟာ ကျားနဲ့ဝေးဝေးမှာနေခဲ့ပေမယ့် သူမစိတ်ထဲမှာတော့ ကျားနှုတ်ခမ်းမွေးရဖို့ဆိုရင် တစ်နေ့မှာကျားနားကပ်ကိုကပ်ရတော့မယ်လို့ နားလည်ခဲ့တယ်။

လအနည်းငယ်ကြာပြီးနောက်မှာ ကျားကြီးဟာ သူမအလာကို ပန်းကန်ဘေးမှာ ထိုင်စောင့်နေခဲ့တယ်။ ဒီအခါမှာတော့ သူမဟာ ကျားကြီးကို သေချာစိုက်ကြည့်နေပြီး စိတ်ထဲမှာလည်း ရင်းနှီးလာတယ်လို့ခံစားခဲ့ရတယ်။ တစ်ပတ်အတွင်းမှာပဲ ကျားကြီးဟာ သူ့ခေါင်းကို ညင်ညင်သာသာနဲ့ပွတ်သပ်ပေးဖို့ ခွင့်ပြုလာခဲ့တယ်။ ဒါကြောင့် ဇနီးဖြစ်သူဟာ ကျားကြီးရဲ့ခေါင်းကို ပွတ်သပ်ပေးခဲ့ပြီး အိမ်မှာမွေးထားတဲ့ကြောင်လေးတစ်ကောင်လို နီးနီးကပ်ကပ်ရှိလာခဲ့တယ်။

သူမဟာ အိမ်ကို ပြန်လာခဲ့ပြီး အဲ့ဒီညမှာပဲ သူလိုချင်တာရလာတော့မယ်လို့ သိနေခဲ့တယ်။ နောက်နေ့မနက်မှာ သူမဟာ ထမင်းပန်းကန်နဲ့အတူ ဓားတစ်ချောင်းကိုပါ ကျားဂူဆီယူလာခဲ့တယ်။ ပန်းကန်ထဲကို ထမင်းနဲ့အသားတွေထည့်ပေးပြီး “ ကျားကြီးရေ နှုတ်ခမ်းမွေးလေးတစ်မွေးလောက် ယူပါရစေနာ်”လို့ ကျားကြီးကို ပြောခဲ့ပါတယ်။

ကျားကြီးကလည်း သူ့ခေါင်းကို ထွေးပွေ့ခံနေချိန်မှာပဲ ခေါင်းညိတ်ပြခဲ့တယ်။ ဇနီးသည်လည်း ကျားကြီးရဲ့ခေါင်းကိုပွေ့ဖက်ပြီး နှုတ်ခမ်းမွေးကို အသာအယာဖြတ်ယူခဲ့တယ်။ ပြီးတော့ ကျေးဇူးစကားဆိုပြီး ပြန်လာခဲ့တယ်။

နောက်တစ်နေ့မှာ ဇနီးဖြစ်သူဟာ ခက်ခက်ခဲခဲယူခဲ့ရတဲ့ကျားနှုတ်ခမ်းမွေးကို လက်ထဲမှာကိုင်ပြီး ဗေဒင်ဆရာရဲ့တဲရှိရာကို ရောက်လာခဲ့တယ်။ “ ကျားနှုတ်ခမ်းမွေးရပြီ။ ဆေးဖော်ဖို့ ခင်ဗျားလိုအပ်နေတဲ့ကျားအရှင်ရဲ့နှုတ်ခမ်းမွေးရလာပြီ” လို့ သူမက ပြောလိုက်ပါတယ်။

ဗေဒင်ဆရာလည်း အံ့အားသင့်စွာနဲ့ “ ဟေ…တကယ်ကြီးလားဟ။ တကယ်ပဲ ကျားအရှင်ဆီက ရခဲ့တာလား” လို့ မေးခဲ့ပါတယ်။

ဇနီးဖြစ်သူကလည်း ဟုတ်မှန်ကြောင်း ပြန်ဖြေခဲ့တယ်။

ဗေဒင်ဆရာလည်း နှုတ်ခမ်းမွေးကို သေသေချာချာကြည့်ခဲ့တယ်။ တကယ်လည်း ကျားရဲ့နှုတ်ခမ်းမွေးအစစ်ဖြစ်နေခဲ့တယ်။ “ ဒါကို နင်ဘယ်လိုရခဲ့တာလဲ။ ငါ့ကိုပြောပါဦး” လို့ ဗေဒင်ဆရာက မေးခဲ့တယ်။

ဇနီးဖြစ်သူလည်း ကျားကြီးရဲ့ယုံကြည်မှုကို ရအောင်ကြိုးစားခဲ့ရကြောင်း၊ ကျားကြီးရဲ့ခွင့်ပြုချက်တောင်းပြီးမှ နှုတ်ခမ်းမွေးကို ဖြတ်ယူခဲ့တာဖြစ်ကြောင်း ဗေဒင်ဆရာကို အကြောင်းစုံပြောပြခဲ့တယ်။

ဇနီးသည်ပြောသမျှကို နားထောင်ပြီးနောက်မှာ ဗေဒင်ဆရာဟာ ကျားနှုတ်ခမ်းမွေးကို ယူပြီး မီးဖိုထဲကို ရုတ်တရက်ပစ်ထည့်လိုက်တယ်။ ပြီးတော့ “ ဒီမှာ ကလေးမ…ကျားနှုတ်ခမ်းမွေးကို မလိုတော့ဘူး။ တကယ်တမ်း အန္တရာယ်ရှိတာက ကျားလား၊ လူလား။ အန္တရာယ်များတဲ့သားရဲတိရစ္ဆာန်တစ်ကောင်ကိုတောင် တဖြည်းဖြည်းချင်း ယဉ်ပါးလာအောင် နင်လုပ်နိုင်သေးတာပဲ။ နင့်ယောက်ျားကိုလည်း နင်ပြန်ပြီးပြောင်းလဲပေးနိုင်မယ်လို့ မထင်ဘူးလား” လို့ မေးခဲ့ပါတယ်။

ဇနီးဖြစ်သူလည်း ဘာပြန်ပြောရမှန်းမသိ နှုတ်ဆိတ်စွာရပ်ကျန်နေတယ်။ ပြီးမှ သူမယောက်ျားကို အရင်လိုပြန်ဖြစ်အောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ နားလည်သွားခဲ့ပြီး အိမ်ပြန်လာခဲ့တယ်။

ဒီပုံပြင်လေးကနေ သင်ရရှိလိုက်တဲ့အမြင်လေးတွေကို မျှဝေခဲ့ပါဦးနော်။