ကျွန်မခန္ဓာကိုယ်ကို ဝေဖန်တဲ့ body shaming သမားတွေဖတ်ဖို့…။

blank

ကျွန်မကိုတွေ့တိုင်း “ဆီပိုင်းကြီးလိမ့်လာပြီ”

“ခါးပျောက်နေပြီ ရှာပေးပါဦး” တို့ “မျက်နှာကြည့်ပြီး မုန့်ဆီကြော်တောင်စားချင်လာပြီ” တို့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ရယ်ကြဟားကြတယ်။

စေတနာနဲ့သတိပေးသလိုလို၊ ကရုဏာသက်သနားသလိုလိုနဲ့ ဝိတ်လေးဘာလေးလျှော့ပါဦးလို့ သတိပေးကြတယ်။ ကျွန်မကိုယ်တိုင်က ဝချင်လွန်းလို့ အကုန်အကျခံပြီး ဝိတ်တွေပဲ တိုးထားသလိုလို၊ မဆင်မခြင်စား အပျင်းလွန်လို့ ဝနေသလိုလိုနဲ့ပြောကြတယ်။ ရှင်တို့က အပေါ်ယံကိုပဲ ကြည့်ပြီး လူတွေကိုသိပ်အကဲဖြတ်ကြတယ်နော်။

တစ်ခါတလေစဉ်းစားမိတယ် ကျွန်မရဲ့ ဘော်ဒီဆိုဒ်လိုမျိုး ရှင်တို့ရဲ့ အတွေးအခေါ်လေးတွေ ကြီးနေရင်ကောင်းမှာပဲလို့ပေါ့။ လူတစ်ယောက်ရဲ့ အရည်အချင်း၊ စိတ်နေစိတ်ထား၊ ဘဝခံယူချက်တွေကို ကျော်ပြီး ရုပ်လေးတစ်ခုတည်းကိုပဲ နှိမ်ချင်ကြတဲ့ ရှင်တို့ကို အံ့သြရတာတောင် မောနေပြီ။ လူဆိုတာ အလှကြိုက်တယ်၊ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကိုလိုချင်တယ်ဆိုတာကိုတော့ ကျွန်မနားလည်ပေးနိုင်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ၃၄၊၂၄၊၃၆ ခန္ဓာကိုယ်ပိုင်ရှင်လေးတွေကို အားကျငေးမောမိတာပါပဲ။ ဒါပေမဲ့ ကျွန်မတို့မှာ အကြောင်းအရင်းအမျိုးမျိုးကြောင့် အရှိအတိုင်းလက်ခံလိုက်ရတဲ့ ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီခန္ဓာကိုယ်ဟာ ရှင်တို့ဟားတိုက်လှောင်ပြောင်စရာ တစ်ခုမဟုတ်ပါဘူး။ ပြီးတော့ ကျွန်မကိုယ်ကျွန်မလည်း ချစ်တယ်၊ အရှိအတိုင်းလက်ခံနိုင်တယ်။ မိန်းကလေးတစ်ယောက်ဝနေတာက…။

မျိုးရိုးကြောင့်…

ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝနိုင်တယ်။

ဟော်မုန်းမညီမျှမှုကြောင့်လည်း ဝနိုင်တယ်။

Metabolism နှေးကွေးမှုကြောင့် လည်း ဝနိုင်တယ်။

ကျန်းမာရေးအခြေအနေကြောင့်လည်း ဝနိုင်တယ်။ 

ကိုယ်ဝန်ဆောင်၊ မီးဖွားထားရတာကြောင့်လည်း ဝနိုင်တယ်။

ဘာ့ကြောင့်ပဲဖြစ်ဖြစ် တူညီတဲ့အကြောင်းတရားတစ်ခုရှိတာကတော့ ကျွန်မတို့တတွေ ဘာကြောင့်ပဲဝဝ ရှင်တို့အပူ တပြားသားမှ မပါပါဘူး။

ဒါ့ကြောင့် သူများကို မဝေဖန်ခင်မှာ ရှင်တို့ကိုယ်ရှင်တို့အရင်ဆုံး ပြီးပြည့်စုံအောင် ကြိုးစားလိုက်ပါဦးလို့ပဲ ပြောချင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။