ပရိုဆန်တဲ့အိမ်ရှင်မတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်

blank

ကျွန်မက အိမ်ရှင်မ…။

အထင်သေးခံခဲ့ရတယ်။ မနားမနေအလုပ်တွေလုပ်ခဲ့တာတောင် “မှီခို” လို့နာမည်တပ်ခံခဲ့ရတယ်။ သူငယ်ချင်းတွေက လုပ်ငန်းခွင်မှာ အောင်မြင်နေချိန်မှာ ခင်ပွန်းကြိုက်တဲ့ ဟင်းကိုလက်တည့်စမ်းချက်ကြည့်ရင်း “ကောင်းလိုက်တာ” ဆိုတဲ့ ချီးကျူးသံနဲ့တင် မျက်ရည်လည်အောင် ပျော်နေခဲ့တယ်။ သားသမီးတွေရဲ့ “အမေရှိမှ” ဆိုတဲ့ စကားအောက်မှာ “ကိုယ့်ကိုယ်ကိုယ်ရပ်တည်မှု” ဆိုတာဘာလဲ မရှာဖွေတော့လောက်အောင် ပြည့်စုံနေခဲ့တယ်။
တဖြည်းဖြည်းနဲ့ ကလေးတွေအရွယ်ရောက်လာတယ်။ စိတ်ပါလက်ပါရှိတိုင်း အလှပြင်မိတော့ ခင်ပွန်းက “ဘယ်မှသွားတာလဲ မဟုတ်ဘဲနဲ့” လို့ ပြောပြီးရယ်တယ်။ သမီးကတော့ “မေမေ အိုင်းလိုင်နာ ဆွဲတာ ဒိတ်အောက်နေတဲ့ ဒီဇိုင်းကြီး” တဲ့။ ခင်ပွန်းက ဒင်နာတွေသွားရင် သိပ်မခေါ်ချင်တော့ဘူး။ သူတို့ပြောတဲ့အကြောင်းအရာတွေကို မျက်လုံးအပြူးသားနဲ့ နားထောင်နေတဲ့ ကျွန်မကို စိတ်ကုန်လာပြီတဲ့လေ။ သားသမီးတွေကလည်း မိဘဆရာအစည်းအဝေးတွေမှာ သူတို့အဖေကိုပဲ ခေါ်သွားတော့တယ်။ သူတို့ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်လိုပြောနိုင်တဲ့ သူတို့အဖေအတွက် ဂုဏ်ယူသတဲ့လေ။
နောက်တော့ ကျွန်မကျွမ်းကျင်ပိုင်နိုင်တဲ့ နေရာမှာပဲ ကျွန်မနေဖြစ်တယ် “အိမ်” ထဲမှာပေါ့။ တစ်ရက်ကျွန်မစဉ်းစားမိတယ်။ ကျွန်မလုပ်နေတဲ့ အလုပ်တွေမှာ မပျော်တော့တာက “ကျွန်မသားသမီးတွေကို ကျွန်မမချစ်တော့တာလား” ဒါမှမဟုတ် “ကျွန်မရဲ့ ခင်ပွန်းကို မမြတ်နိုးတော့တာလား” “ သူတို့တွေကော ကျွန်မကိုမချစ်ကြတော့တာလား” လို့ကိုယ်ကိုယ်မေးမိတယ်။ ကျွန်မသူတို့ကို ခြွင်းချက်မရှိချစ်တယ်ဆိုတာကို ကျွန်မသိသလို သူတို့တွေရင်ထဲမှာ ကျွန်မရှိနေတယ်ဆိုတာလည်း သိပါတယ်။ ဒါဆိုရင် တန်ဖိုးထားမှုကော….။ ဒုတိယမေးခွန်းရဲ့ အဖြေကိုကျွန်မမဖြေနိုင်ခဲ့ဘူး။

အဖြေရှာကြည်တော့ ကျွန်မရဲ့တန်ဖိုးကို နည်းနည်းလေး update လုပ်နေဖို့လိုတယ်ဆိုတာကို ကျွန်မသဘောပေါက်လာခဲ့တယ်။ အဲ့ဒီလမှာပဲ ကျွန်မခင်ပွန်းပိုက်ဆံအပ်တဲ့အခါ အကုန်လုံးကို မယူခဲ့ဘူး။ အိမ်ရဲ့အသုံးစရိတ်၊ မီးလခ၊ ရေဖိုး၊ အိမ်ခွန်၊ ကျောင်းလခတွေကို တစ်ခုချင်းတွက်ချက်ပြပြီး သူ့ငွေတွေကို ပြန်ပေးခဲ့တယ်။ ပြီးတော့ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ထမင်းချက်တွေအတွက် ကျွန်မရဲ့လုပ်အားခကိုတောင်းခဲ့တယ်။ ကျွန်မခင်ပွန်းက ကျွန်မကို “ရူးနေတာလား” ဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ ကျွန်မကလည်း “professional housewife” တစ်ယောက်ပဲလေ။ ဘယ်ရမလဲ တစ်လလုံးခွင့်မယူဘဲ အလုပ်လုပ်နေတဲ့ ကျွန်မအတွက် လခလေးတော့ ရသင့်တယ်မဟုတ်လား။ ဒါတောင် ချစ်ခြင်းမေတ္တာတွေကို free ပေးထားတယ်လို့ ပြောတော့ ကျွန်မခင်ပွန်းက ခေါင်းကုတ်ပြီးထွက်သွားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

နောက်နေ့ကစပြီး ကျွန်မအပြင်မှာ အင်္ဂလိပ်စာသင်တန်းတွေတက်တယ်။ အလှပြင်သင်တန်းတွေတက်တယ်။ သူတို့တွေကျောင်းသွားတဲ့အချိန်မှာ အရင်ကလို အိမ်ထဲမှာ အောင်းမနေတော့ဘဲ ဘဝကိုပိုတိုးတက်စေဖို့ ကြိုးစားခဲ့တယ်။ ကျွန်မအိမ်ထောင်မကျခင်လုပ်ခဲ့တဲ့ အလုပ်မှာအချိန်ပိုင်းပြန်ဝင်လုပ်ခဲ့တယ်။ စာတွေဖတ်တယ်၊ သူငယ်ချင်းတွေနဲ့ ဆုံတယ်။ ကျွန်မသူငယ်ချင်းတွေကတော့ သူငယ်ချင်းတွေချိန်းကြတိုင်း အမြဲတမ်းငြင်းတဲ့ ကျွန်မပါလာတော့ အံ့သြဝမ်းသာကြတာပေါ့။ ဆယ်ကျော်သက်အရွယ် သမီးရဲ့ အလုပ်တွေကို အကုန်လုပ်ပေးတတ်တဲ့ အကျင့်ကိုဖြတ်လိုက်တယ်။ အဝတ်တွေလျှော်ဖွတ်မီးပူတိုက်ပြီးတိုင်း သူမဘီဒိုထဲမှာ အစီအစဉ်အတိုင်းထည့်လာရတဲ့အခါ၊ ဝတ်ပြီးသားတွေကို ပုံထားတိုင်းရှင်းမယ့်သူမရှိဘဲ သူ့အခန်းရှုပ်ပွလာတဲ့အခါမှာ ကျွန်မရဲ့တန်ဖိုးတွေကို သူမနားလည်လာခဲ့တယ်။

ကျွန်မခင်ပွန်းရဲ့ စာကြည့်ခန်းရှင်းတော့မယ်ဆိုရင် ရုံးပိတ်ရက်တွေမှာ သူ့အကူအညီယူပြီး ရှင်းတယ်။ ထမင်းစားပြီးတဲ့အခါမှာ တစ်ယောက်က ပန်းကန်ဆေးရင် တစ်ယောက်က ခုံတွေသုတ်တတ်ဖို့ သားသမီးတွေကို သင်ပေးတယ်။ ကျွန်မခင်ပွန်းစီက လခအဖြစ် ယူထားတဲ့အလုပ်တွေမပါတဲ့အရာတွေဆိုရင် ဥပမာ-အိမ်ရှင်းတာမျိုး ဆိုရင် တစ်မိသားစုလုံးရဲ့ အားရက်မှာ စုလုပ်ကြတယ်။ ကစားစရာတွေကို ဒီအတိုင်းထားတတ်တဲ့ ကျွန်မသားလေးက အခုဆိုရင် ကစားစရာတွေကို သိမ်းတတ်နေပြီ။

မကြာခင်မှာပဲ ကျွန်မရဲ့မိသားစုဟာ ကျွန်မထင်ထားတာထက်ပိုပြီး သာယာလာခဲ့တယ်။ ကျွန်မကိုမပျော်ရွှင်အောင် လုပ်နေခဲ့တာက ကျွန်မခင်ပွန်းမဟုတ်သလို ကျွန်မရဲ့သားသမီးတွေလည်း မဟုတ်ဘူးဆိုတာ ကျွန်မမြင်လာခဲ့တယ်။ ကျွန်မလုပ်နေတဲ့အိမ်ရှင်မအလုပ်ကို ကျွန်မမိသားစုက တန်ဖိုးမထားခဲ့သလို ကျွန်မကလည်း တန်ဖိုးသိအောင်မလုပ်ခဲ့ပါဘူး။ အိမ်မှာရှိတဲ့အလုပ်တွေမှန်သမျှတွေဟာ ကျွန်မတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့အလုပ်လို့ ယူဆခဲ့တယ်။ ကျွန်မမနိုင်တဲ့အချိန်တွေဆိုလည်း အကူအညီမတောင်းခဲ့ဘူး။ ကျွန်မဘဝရဲ့အခြားအရာတွေအားလုံးကို ဖြတ်တောက်ပြီး မိသားစုပေါ်မှာ အချိန်တွေ၊ အင်အားတွေ အားလုံးကို ပုံထားခဲ့တယ်။ ကြာလာတော့ ကျွန်မဟာ ကျွန်မကိုယ်တိုင်ပြုလုပ်ထားတဲ့ ပိုက်ကွန်ထဲမှာပဲ မပျော်မရွှင်နဲ့ မိနေခဲ့တယ်။
ကျွန်မတို့အိမ်ရှင်တွေဟာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့နဲ့ တာဝန်တွေကို ခွဲဝေတတ်ဖို့ မေ့နေတတ်ကြတယ်။ “ငါရှိမှ၊ ငါလုပ်မှ”ဆိုတဲ့စိတ်နဲ့ အရာရာမှာ ကိုယ်ပဲဝင်လုပ်တတ်တယ်။ ကိုယ်လုပ်နေတဲ့အလုပ်တွေကိုလည်း သမိုင်းပေးတာဝန်တစ်ခုအဖြစ် သတ်မှတ်ပြီး ဘာမှမထူးခြားသလို သတ်မှတ်ထားတတ်တယ်။ တကယ်တော့ အိမ်ရှင်မဖြစ်တဲ့ သင်ဟာလည်းပဲ သားသမီးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့၊ ခင်ပွန်းသည်ကို အိမ်အတွက်ပူစရာမလိုအောင် ကူညီပံ့ပိုးပေးနေတဲ့ ပရိုတစ်ယောက်ပါ။

သင့်မိသားစုတွေဟာ သင်နဲ့အရင်းနှီးဆုံးလူတွေဖြစ်တဲ့အတွက် ရင်ဖွင့်ပါ။ အကူအညီတောင်းပါ။ အလုပ်တာဝန်လေးတွေကို ခွဲဝေပေးပါ။ သင်မနိုင်ဝန်ထမ်းနေတာဟာ သင့်မိသားစုအတွက် အဆိပ်အတောက်တွေဖြစ်စေနိုင်တယ်၊ မကောင်းမြင်စိတ်တွေကို မွေးဖွားပေးနိုင်တယ်ဆိုတာကို မှတ်ထားပေးပါနော်။
အိမ်ရှင်မအလုပ်ကို ပရိုကျကျလုပ်ရင်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်ကြပါစေ။