သင်… အဆင်ပြေရဲ့လား။

“ပြေပါတယ်” လို့ လွယ်လွယ်လေး မဖြေလိုက်ပါနဲ့နော်။

တစ်နေ့တာဆိုတာတော့ လူတိုင်းမှာ ရှိနေကြတာပါပဲ။ မိုးလင်းပြီဆိုတာနဲ့ လုပ်စရာရှိတာလေးတွေလုပ်၊ သွားစရာရှိတာလေးတွေသွား၊ တွေ့စရာရှိတဲ့လူတွေနဲ့တွေ့။ အားလုံးက ပုံမှန်လည်ပတ်နေတယ်။ ပုံမှန်လည်ပတ်နေတာကို အဆင်ပြေတဲ့ဘဝလို့ ခေါ်တာလား။

နေ့တိုင်း ဒါတွေပဲ လုပ်နေတာကိုပဲ အလုပ်တွေကလည်း အမြဲတမ်းရှုပ်နေတယ်။ သင်သွားချင်တဲ့ နေရာ လေးတွေကို မသွားနိုင်ဘူး။ စိတ်လိုလက်ရ သင်တွေ့ဆုံချင်နေတဲ့သူတွေနဲ့လည်း သွားတွေ့ဖို့ အချိန်မရနေဘူး။ ပြင်ဆင်ရဦးမယ်လို့ သင်တွေးထားတဲ့ ဆံပင်လေးသွားညှပ်ဖို့တောင် သင် အချိန်ယူနေရတယ်။ သင်ချက်စားချင် တဲ့အရာလေးတွေ စိတ်ကူးထဲခဏခဏပေါ်ပေမဲ့ သင့်တစ်နေ့တာအချိန်ဇယားနဲ့ ကိုက်ညီတဲ့ မြန်ဆန်ပြီး လွယ် တာကိုပဲ ချက်စားဖြစ်နေတယ်။ တွေ့တဲ့လူတိုင်းနဲ့လည်း အဆင်ပြေချင်တော့ သင့်ဆန္ဒထက်သူတို့ ဆန္ဒတွေကို ဦးစားပေးဖြစ်တယ်။

အဲ့ဒီအတွက် သင် အဆင်ပြေလား၊ မပြေလားလို့လည်း တွေးနေချိန်မရဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အလုပ်တွေလုပ်နေရင်းနဲ့ မသိမသာကနေ သိသိသာသာဝိတ်တက်လာတာကို မတော်တော့တဲ့ အင်္ကျီ တွေက သက်သေပြနေတယ်။ ဒါပေမဲ့… သင့်မှာ  အားကစားသွားလုပ်ဖို့ အချိန်မပေးနိုင်ဘူး။ တစ်ရက်ကို တစ် နာရီလောက် လမ်းလျှောက်ထွက်ဖို့တောင် သင့်မှာ အချိန်မရှိဘူး။ အလုပ်က ပြန်လာတယ်။ မိသားစုကို အချိန် ပေးရတယ်။ သင့်ကို လိုအပ်နေသူတွေအတွက် သင့်အချိန်တွေပေးရတယ်။

သင့်နေ့တိုင်းက အဲ့ဒီအတိုင်းကုန်ဆုံးသွားကြတယ်။

သင်သွားချင်တဲ့နေရာတွေ ဘယ်တော့သွားဖြစ်မလဲဆိုတာသင်မသိဘူး။ သင်စားချင်တာလေးတွေကို ဘယ်တော့ချက်စားဖြစ်မလဲဆိုတာလည်း သင်မသိဘူး။ သင်တွေ့ချင်နေသူတွေနဲ့ ဘယ်တော့မှ တွေ့ဆုံဖြစ် မယ်ဆိုတာလည်း သင်မသိဘူး။ သင့်ကျန်းမာရေးအတွက် ဘယ်အချိန်မှ အားကစားလုပ်ဖြစ်မယ်ဆိုတာလည်း သင်မသိဘူး။ သင့်ကိုယ်သင် အချိန်ပေးမိနေလား၊ မပေးမိနေဘူးလားဆိုတာလည်း သင်မသိဘူး။

ဒီစာလေးဖတ်ပြီးရင် မှန်ရှေ့ရပ်ပြီး သင့်ကိုယ်သင်မေးကြည့်ပါ။

“သင် အဆင်ပြေနေရဲ့လား။ သင် တကယ်ပျော်နေရဲ့လား” လို့။

သင် အဆင်ပြေမနေဘူး၊ ပျော်ရွှင်မနေဘူးဆိုရင်တော့ သင့်ကိုယ်သင်ချစ်ဖို့ မြန်မြန်အချိန်ပေးလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။