လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခံလိုက်ရတာဟာ တစ်ဘဝလုံးစာအတွက် အရိပ်မည်းကြီးလား။

blank

ကျွန်မက အသက် (၂၂) အရွယ်မိန်းကလေးတစ်ယောက်ပါ။ ကျွန်မမှာ ကျွန်မကိုအကြွင်းမဲ့ချစ်နေတဲ့ မိသားစုရှိသလို သူငယ်ချင်းတွေလည်း ရှိတယ်။ မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှုနဲ့ နွေးထွေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ ကျွန်မဟာ စိတ်ချမ်းသာပျော်ရွှင်ရမှာဖြစ်ပေမယ့် ကျွန်မကတော့ ထင်သလောက် မပျော်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်မလုပ်ခဲ့တဲ့ အမှားတစ်ခုရဲ့ ပြစ်ဒဏ်ကျခံနေရတာ တစ်ခုရှိတယ်။ လူတွေပြောသလို အရိပ်မည်းကြီးပေါ့။ အဲ့ဒီအရိပ်မည်းဟာ ကျွန်မကိုအိပ်နေရင်းနဲ့ လန့်နှိုးစေတယ်။ ရယ်မောနေရင်းနဲ့ ဝမ်းနည်းလာစေတယ်။ အနာဂတ်အကြောင်း စဉ်းစားလိုက်တိုင်း ကျွန်မရဲ့ ပစ္စုပ္ပန်ကို နင်းချေပစ်နိုင်တယ်။

အဲ့ဒီအရိပ်မည်းဟာ မသမာသူတစ်ယောက်ရဲ့ အရိပ်မည်းပေါ့….။

အဲ့ဒီတုန်းက ကျွန်မက ဆယ့်တစ်နှစ်အရွယ် ပျော်ရွှင်တက်ကြွတဲ့ မိန်းကလေးတစ်ယောက်အရွယ်ပေါ့။ တစ်ဦးတည်းသော သမီးကျွန်မဟာ မိဘတွေရဲ့ အသည်းကျော်ဖြစ်သလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ အခုချိန်မှာ ပြန်တွေးရင်တောင် သီချင်းတဆိုဆို၊ ရယ်မောနေတဲ့ ကျွန်မကိုယ်ကျွန်မ သိပ်လွမ်းမိတဲ့အထိ ကျွန်မဘဝက ပျော်စရာအတိဖြစ်ခဲ့ပါတယ်။

တစ်နေ့မှာ ကျွန်မတို့မိသားစု ဆွေမျိုးတွေအားလုံး ပျော်ပွဲစားထွက်ခဲ့ကြတယ်။ ငှားထားတဲ့ ဘန်ဂလိုလေးမှာ တောင်ပေါ်ဒေသလေးမှာ စားလိုက်သောက်လိုက်ပျော်လိုက်ပါးလိုက်နဲ့ပေါ့။ နေ့လည်ခင်းလောက်မှာ တီဗွီဝိုင်းကြည့်နေရင်းနဲ့ ကျွန်မအိပ်ပျော်သွားခဲ့တယ်။ ကျွန်မဘေးမှာလည်း ဆွေမျိုးတွေအစုံအလင်နဲ့ပေါ့။ မေမေက ကျွန်မကောင်းကောင်းအိပ်လို့ရအောင် ဆိုပြီးအခန်းထဲမှာ ပြောင်းသိပ်ထားခဲ့တယ်။ မေမေကတော့ တီဗွီကြည့်နေခဲ့တာပေါ့။ အဲ့ဒီအချိန်မှာ ကျွန်မတို့နဲ့ ဆွေမျိုးမကင်းတဲ့ အဲ့ဒီလူယုတ်မာက ကျွန်မကိုလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့အတွက် ကျွန်မရဲ့ စကပ်ကိုချွတ်ဖို့လုပ်နေခဲ့တယ်။ ကျွန်မကတော့ နှစ်ခြိုက်စွာအိပ်ပျော်လို့ပေါ့။ ကံကောင်းထောက်မစွာနဲ့ပဲ မေမေကလည်း အိပ်ချင်လာလို့ အပေါ်ထပ်ကိုတက်လာတဲ့အချိန် အဲ့ဒီလူယုတ်မာကို ပက်ပင်းမိတော့တာပေါ့။ အမေ့ရဲ့အော်သံကြောင့် ဆွေမျိုးတွေအကုန်တက်လာပြီး ဆူဆူညံညံဖြစ်သွားတော့တယ်။

အဲ့ဒီလူယုတ်မာကို အမေတို့က တရားစွဲပြီး မုဒိမ်းမှုကျူးလွန်ဖို့အားထုတ်မှုနဲ့ ထောင်ချခဲ့တယ်။ နှစ်အနည်းငယ်မှာပဲ သူကထောင်ကပြန်ထွက်လာခဲ့တယ်။ ပြီးတော့ သူ့ဘဝကိုပုံမှန်အတိုင်းပဲ ဆက်လက်ဖြတ်ကျော်ခဲ့တယ်။

ကျွန်မမှာသာ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့တယ်။ ကျွန်မရဲ့ ကလေးဘဝဟာ လူတွေရဲ့ သနားလို့ကြည့်တဲ့အကြည့်၊ အကဲခတ်တဲ့အကြည့်နဲ့ သေဆုံးသွားခဲ့တယ်။ “အဲ့ဒီကလေးမလေးလေ….” လို့ အစချီပြီး လေသံတွေတိုးသွားတတ်တာတွေ။ “သနားပါတယ် ရုပ်ကလေးက ချောကချောနဲ့” ဆိုတဲ့ စကားတွေဟာ ကလေးတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လောက်ထိရှစေလဲဆိုတာကို သူတို့မသိခဲ့ဘူး။

ထောင်ကထွက်လာတဲ့ လူယုတ်မာ ပွဲလမ်းသဘင်တွေမှာ ပြောင်ပြောင်တင်းတင်းရယ်ရယ်မောမော သွားလာနိုင်တယ်။ ကျွန်မမှာတော့ လူတောတိုးရဲတဲ့ သတ္တိတွေပျောက်ဆုံးခဲ့တယ်။ ကျွန်မမလုပ်ခဲ့တဲ့ အမှားတစ်ခုအတွက် အပြစ်မရှိတဲ့ ကျွန်မပြစ်ဒဏ်ခံနေခဲ့ရတယ်။

လူတွေရဲ့ ပုံမှန်ဆက်ဆံတဲ့ပုံစံကိုမျှော်လင့်ရင်း ကျွန်မမောခဲ့ရတယ်။

သာမန်ဘဝတစ်ခုကို တောင့်တရင်း ကျွန်မပင်ပန်းခဲ့ရတယ်။

ကျွန်မအတွက် တရားမျှတမှုကို တရားရုံးကတော့ ပေးခဲ့ပြီးပြီ….။ လူတွေက ဘာ့ကြောင့် ကျွန်မကိုဒဏ်ခတ်နေသေးတာလဲ။ အပြစ်ရှိတာက ကျွန်မလား။ ဟိုလူယုတ်မာလား။ ပတ်ဝန်းကျင်က ကျွန်မကိုသနားတဲ့အကြည့်၊ အကဲခတ်တဲ့အကြည့်တွေအစား ဟိုလူယုတ်မာကိုသာ ဖယ်ကြဉ်ခဲ့ကြရင် သက်ငယ်မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ လျော့ပါးလာမလား။

ကျွန်မရဲ့မေးခွန်းတွေကို အဖြေပေးနိုင်မယ့်သူက ဘယ်သူလဲ။

ပတ်ဝန်းကျင်လား…. အခြားအရာလား။