သူများမကောင်းကြံ ကိုယ့်ကိုဘေးဒဏ်ထိ

blank

တစ်ခါတုန်းက မြို့တစ်မြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးရှိသတဲ့။ ခင်ပွန်းဖြစ်သူ ဦးဒေါသဟာ နာမည်နဲ့လိုက်အောင် ဒေါသကြီးသူတစ်ယောက်ဖြစ်ပြီးတော့ ဇနီးဖြစ်သူကို မကြာခဏပဲ ရိုက်နှက်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူဟာ ဇနီးဖြစ်သူကို သေစေဖို့မရည်ရွယ်ပေမယ့် သေတဲ့အထိ ရိုက်နှက်မိလိုက်ပါတယ်။ သွေးအေးသွားတဲ့အချိန်မှာတော့ ဇနီးဖြစ်သူရဲ့ အလောင်းကို ကြည့်ရင်း သူမရဲ့ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေသာ သိသွားရင် ငါတော့ ဒုက္ခရောက်ပြီဆိုပြီး  ကြောက်ရွံ့လာတော့တာပေါ့။

ဒါနဲ့ပဲ ဦးဒေါသဟာ သူ့မိတ်ဆွေ ဦးကောက်ကျစ်ဆီသွားပြီး ပြဿနာကို ပြောပြကာ ဘယ်လိုဖြေရှင်းရမလဲလို့ မေးမြန်းပါတော့တယ်။ ဒီအခါမှာ ဦးကောက်ကျစ်က ဦးဒေါသကို အပြစ်ဝန်ခံပြီး ဖြောင့်ချက်ပေးဖို့တိုက်တွန်းရမယ့်အစား “ဒီလောက်လွယ်တာများ ငါ့လာမေးနေသေးတယ်ကွာ။ လူငယ်တစ်ယောက်ကို မင်းအိမ်ထဲ ဖိတ်ခေါ်ပြီး ခေါင်းဖြတ်သတ်လိုက်။ ပြီးရင် မင်းမိန်းမအလောင်းဘေးမှာ နေရာချထားလိုက်ကွာ။ သူ့ဆွေမျိုးနဲ့ အိမ်နီးနားချင်းတွေကိုတော့ သူတို့နှစ်ယောက်ဖောက်ပြန်နေတာကို ပက်ပင်းမိတာနဲ့ စိတ်မထိန်းနိုင်ဘဲ သတ်ပစ်မိတယ်လို့ ပြောလိုက်လေ” လို့အကြံပေးလိုက်ပါတယ်။

ဦးဒေါသလည်း ဒီအကြံကို လက်ခံပြီး အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ ဇနီးအလောင်းကို အခန်းထဲမှာ ဖွက်ထားပြီးတော့ လမ်းပေါ်ထွက်လာခဲ့ပါတယ်။ လမ်းလျှောက်ရင်းနဲ့ လူငယ်လေးတစ်ယောက်ကို တွေ့တဲ့အခါ မိတ်ဖွဲ့ပြီးတော့ အိမ်ထဲလိုက်လည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လူငယ်လေးကလည်း ဦးဒေါသရဲ့အကြံကို မသိတော့ သူနဲ့အတူ အိမ်ကိုလိုက်လာခဲ့မိတာပေါ့။ အဲ့ဒီနောက်မှာတော့ ဦးကောက်ကျစ်ပြောသလိုပဲ လူငယ်လေးကို အဆိပ်ခတ်ပြီးတော့ ခေါင်းဖြတ်လိုက်ပါတော့တယ်။

ပြီးတော့ ဦးဒေါသဟာ သူ့မိန်းမရဲ့ ဆွေမျိုးတွေကိုခေါ်ပြီးတော့ သူ့ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ သူလုပ်ကြံထားတဲ့ ဇာတ်လမ်းကို ပြောပြပါတယ်။ ဆွေမျိုးတွေဟာလည်း ဦးဒေါသရဲ့ဇာတ်လမ်းကို နားထောင်ပြီး သူ့ကို အပြစ်တင်လို့မရတာနဲ့ ပြန်သွားကြပါတယ်။ ဒီအချိန်မှာ သူ့ကို ဒီအကြံပေးခဲ့တဲ့ ဦးကောက်ကျစ်ကတော့ သူ့ရဲ့ ဆယ်ကျော်သက်သားဖြစ်သူ ညကအိမ်ပြန်မလာလို့ စိုးရိမ်ပူပန်နေခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်ရက်မှာတော့ ဦးကောက်ကျစ်ဟာ သားဖြစ်သူကိုလိုက်ရှာရင်းနဲ့ ဦးဒေါသအိမ်ဖက် ရောက်လာခဲ့ပါတယ်။ ဦးဒေါသဟာ ဦးကောက်ကျစ်ကို မြင်မြင်ချင်းပဲ အားရဝမ်းသာစွာနဲ့ “ဟာ မင်းရောက်လာတာနဲ့ အတော်ပဲဟေ့။ မင်း အကြံအောင်မြင်လို့ ငါအားလုံးအဆင်ပြေသွားပြီကွ။ ငါတောင် အခုပဲ မင်းဆီလာပြောတော့မလို့” လို့ပြောလိုက်ပါတယ်။ ဒီအခါမှာ ဦးကောက်ကျစ်က ရယ်ရယ်မောမောနဲ့ “ငါ့အကြံပဲလေ။ မအောင်မြင်ဘဲ နေမလား” လို့ပြောပြီး “ဘယ်မှာလဲကွ သူတို့အလောင်းတွေက။ ငါ့ကို ပြပါဦး” လို့မေးမြန်းလိုက်ပါတယ်။ ဒီအခါမှာ ဦးဒေါသက ဇနီးဖြစ်သူနဲ့ ခေါင်းဖြတ်ခံထားရတဲ့လူငယ်ရဲ့ အလောင်းပြင်ဆင်ထားရာ နေရာကို ဦးကောက်ကျစ်ကို ခေါ်သွားလိုက်ပါတယ်။

အလောင်းတွေကိုမြင်တဲ့အခါမှာတော့ ဦးကောက်ကျစ်ဟာ အကြီးအကျယ်ရှော့ခ်ရသွားခဲ့ပါတော့တယ်။ ဘာလို့လဲဆိုတော့ အသတ်ခံလိုက်ရတဲ့လူငယ်လေးဟာ တခြားသူမဟုတ်ဘဲ သူ့သားဖြစ်နေလို့ပါပဲ။ သူ့ရဲ့ သူတစ်ပါးအပေါ်မကောင်းကြံချင်တဲ့စိတ်ဟာ သူ့သားကို သေဆုံးစေခဲ့ပါတယ်။

ဒီပုံပြင်လေးကို ဖတ်ရှုပြီးတော့ ဘာသင်ခန်းစာလေးတွေရရှိမိလိုက်တယ်ဆိုတာ comment box မှာ မျှဝေပေးသွားပါဦးနော်။