ဝဆေး၊ ပိန်ဆေးတွေ သောက်မှ စိတ်တိုင်းကျခန္ဓာကိုယ်လေး တကယ်ဖြစ်မှာလား

blank

စာချစ်သူတို့ရေ…..

ယနေ့ခေတ်ကြီးဟာ ဘယ်အရာမဆို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်ကြီးပါ။ အွန်လိုင်းပေါ်ကနေ ကလစ်လေးတစ်ချက်နှိပ် စာလေးပို့၊ ဖုန်းလေးဆက်လိုက်ရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေ အိမ်တိုက်ရာရောက် ဝယ်ယူနိုင်ကြပါပြီ။ အချိန်တွေ၊ လူပင်ပန်းရတာတွေကို ငွေနဲ့ချုံ့နိုင်ပါပြီ။ ဒီလိုတိုးတက်မှုရဲ့နောက်ဆက်တွဲကတော့ ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းအရည်အသွေးကို ကိုယ်တိုင်ရေရေရာရာမသိနိုင်တာကြောင့် အန္တရာယ်တွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် အလှအပမက်မောကြတဲ့ အမျိုးသမီးတွေက အဓိကသားကောင်တွေပေါ့။

အခုဆိုရင် ၃ ရက်အတွင်း(သို့) တစ်ပတ်အတွင်း ဝိတ်ကျ၊ ဝိတ်တက်လာအောင် လုပ်နိုင်တဲ့ဆေးတွေကို အွန်လိုင်းပေါ်မှာ တွင်တွင်ကျယ်ကျယ်ရောင်းချနေတာကို မြင်ဖူး၊ ဝယ်ဖူးကြမှာပါ။ ကြော်ငြာအားကောင်းတာကြောင့် ဝိတ်ကျချင်လွန်း၊ ဝိတ်တက်ချင်လွန်းတဲ့အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ မှိုင်းမိသွားကြပါတယ်။ တကယ်ပဲ စိတ်တိုင်းကျခန္ဓာကိုယ်လေး ရလာမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အာမခံချက်အတိအကျမပေးနိုင်တဲ့ဆေးတွေကို ရဲရဲကြီးသောက်သုံးကြတယ်။ ဘယ်လိုဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားမှန်းမသိတဲ့ ဆေးဝါးတွေရဲ့အစွမ်းကတော့ တကယ်ပြလာပါတယ်။ ဝိတ်ကျချင်သူက ကျလာပြီး ဝိတ်တက်ချင်သူက တက်လာပေမယ့် အသားအရေကတော့ မူလအတိုင်းမဟုတ်ဘဲ ပြောင်းလဲလာပါတော့တယ်။ တချို့ဆို အသားအရေတွေ ရွဲလာပြီး မနေနိုင်မထိုင်နိုင်ဖြစ်လာချိန်မှာ ဆေးရုံ၊ ဆေးခန်းတွေဆီ ပြေးရတဲ့အထိပါပဲ။

ဆိုးကျိုးတွေတကယ်ဖြစ်လာချိန်မှာတော့ ဘယ်သူမှတာဝန်ယူမပေးတော့ဘဲ ကူရာမဲ့ကယ်ရာမဲ့ပါပဲ။ အလွန်အကျွံမဟုတ်ရင်တော့ ကုလို့ရပေမယ့် လွန်သွားတဲ့အခါမှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ တခြားရောဂါတွေအဖြစ် ကူးပြောင်းပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။ ဒီလိုရလဒ်တွေမဖြစ်အောင် အလှမက်လွန်းတဲ့အမျိုးသမီးတွေအနေနဲ့ တခြားနည်းလမ်းလေးတွေရှိတယ်ဆိုတာ သတိရပါ။ အစားအသောက်၊ နေထိုင်မှုနဲ့ လေ့ကျင့်ခန်းဆိုတဲ့ သဘာဝနည်းလမ်းလေးတွေပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သဘာဝနည်းလမ်းဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့။ “ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ” ဆိုတဲ့စကားပုံလေးအတိုင်းပါပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တစိုက်မတ်မတ်သွားမယ်ဆိုရင် တစ်နေ့ရောက်လာမှာပါ။ အစားအသောက်ဆိုရင်လည်း ဝိတ်တက်ချင်သူ၊ ဝိတ်ကျချင်သူတွေအတွက် အတွေ့အကြုံများစွာရှိတဲ့ဆရာဝန်ကြီးတွေ ညွှန်ကြားထားတဲ့အတိုင်း စားသောက်ပါ။ ထိုင်တဲ့အခါ ခါးကိုမတ်မတ်ဆန့်ထိုင်တာမျိုး၊ အိပ်ချိန်လုံလုံလောက်လောက်အိပ်တာမျိုး၊ ရေကိုပုံမှန်သောက်တာမျိုး စတဲ့ နေ့စဉ်အပြုအမူတွေကို  ဂရုစိုက်ရင်း စမတ်ကျကျနေထိုင်သွားပါ။

ငယ်ငယ်တုန်းက ကျောင်းမှာ ကာယတွေလုပ်ခဲ့ရတာကို မှတ်မိကြသေးမှာပါ။ ကိုယ်ကာယဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဒါကြောင့် ကိုယ့်အတွက် လိုအပ်မယ့်လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်သွားမယ်ဆိုရင် လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားမျိုး ကျန်းကျန်းမာမာနဲ့ရရှိလာမှာ အသေအချာဖြစ်ပါတယ်။

သဘာဝနည်းလမ်းလေးတွေဟာ ခက်ခက်ခဲခဲလုပ်နေစရာမလိုသလို ငွေကုန်ကြေးကျလည်း သက်သာပါတယ်။ အသက်အန္တရာယ်ကို မထိခိုက်နိုင်တဲ့ သဘာဝနည်းလေးတွေနဲ့ လှနိုင်ကြပါစေလို့ ဂန္ထဝင်က ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်နော်။