ခင်ပွန်းဆိုးတာက ဇနီးသည် အထိန်းအသိမ်းညံ့လို့လား။

blank

ကျွန်မ အိမ်ထောင်ကျတာ သုံးနှစ်ရှိပါပြီ။ ကျွန်မမှာ သမီးလေးတစ်ယောက်ရှိတယ်။ ကျွန်မခင်ပွန်းနဲ့က တက္ကသိုလ်မှာတွေ့ပြီး လူငယ်သဘာဝချစ်ကြိုက်ရာကနေ ကျောင်းပြီးသွားတော့ တစ်ခါတည်း အိမ်ထောင်ပြုလိုက်တာပေါ့။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ယောင်နောက်ဆံထုံးပါပြီး ကျွန်မခင်ပွန်းရဲ့ အိမ်မှာ လိုက်နေခဲ့တယ်။ ပြည့်စုံတဲ့ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ ကြည်ဖြူမှုနဲ့ပေါင်းလိုက်တော့ အိမ်ထောင်ဦးကာလတွေက ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်မခင်ပွန်းက သမီးတွေကြားထဲမှာ တစ်ဦးတည်းသော သားဆိုတော့ အစ်မတွေကလည်း အလိုလိုက် အဖေအမေကလည်း အလိုလိုက်နဲ့ အိမ်ထောင်ကျပြီးတာတောင်မှ ကလေးလိုပဲ ဆိုးနေတုန်းပါပဲ။

ကျွန်မက အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မခင်ပွန်းကို အလုပ်လုပ်စေချင်တယ်။ ကျွန်မက အိမ်ရှင်မတာဝန်တွေကို တစ်စတစ်စသင်ယူနေသလို သူ့ကိုလည်း သူ့မိဘရဲ့ ကုမ္ပဏီမှာပဲ ဖြစ်ဖြစ် ဝင်လုပ်စေချင်တယ်။ လက်ဖဝါးဖြန့်ရင် ငွေရနေတဲ့ ကျွန်မခင်ပွန်းကတော့ အလုပ်မလုပ်ချင်ဘူး။ တစ်နေကုန် လျှောက်လည်မယ်၊ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်မယ်၊ ခရီးထွက်မယ်၊ ညနက်အောင် ဂိမ်းဆော့ပြီး နေမြင့်တဲ့အထိ အိပ်မယ် ဆိုတာ သူ့ရဲ့ အလုပ်လိုဖြစ်တယ်။ သူ့အမေကို ကျွန်မကအလုပ်လုပ်ခိုင်းဖို့ ပြောကြည့်တော့လည်း “သားက စောစောစီးစီး အိမ်ထောင်ကျသွားလို့သာ အိမ်ထောင်သည်ဖြစ်သွားတာ သမီးရဲ့။ တကယ်တော့ သားက ငယ်ငယ်လေးရှိသေးတယ်” ဆိုတဲ့ စကားကိုပဲ ပြောပါတယ်။

သမီးလေးလောကထဲရောက်လာတဲ့အထိ ကျွန်မတို့အိမ်ထောင်ရေးက အဲ့ဒီအတိုင်းပဲ ရှေ့ဆက်လာခဲ့ပါတယ်။ သမီးလေးကလည်း ကျန်းမာရေးချူချာတာကြောင့် အချိန်ပြည့် ဂရုစိုက်နေရတော့ ကျွန်မတစ်ယောက် သမီးလေးနဲ့ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ကျွန်မခင်ပွန်းကတော့ ကျွန်မလိုတာတွေ ဝယ်ပေးရုံ၊ သမီးလေးကိုမြှူရုံကလွဲပြီး ဘာမှအားမကိုးရပါဘူး။ အပြင်ထွက်လည်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆိုင်ထိုင်ရင်း အရက်သောက်တဲ့အခါလည်းသောက်ပေါ့။ အိမ်ကပ်တဲ့အချိန်ဆိုရင်တောင် အရက်ကလေးတမြမြနဲ့ ဇိမ်ကျနေတတ်တယ်။ ကျွန်မလည်း သူ့ကို တတ်စွမ်းသလောက် နားချကြည့်တယ်။ သမီးလေးလည်း လောကထဲရောက်လာပြီဆိုတော့ အလုပ်လုပ်ဖို့၊ အရက်ဖြတ်ဖို့ စည်းရုံးရတာပေါ့။ သူ့ရဲ့အမေကိုလည်း ပြောပြပြီး ဆုံးမပေးဖို့ တိုင်ပင်ရတာပေါ့။ အဲ့ဒီအချိန်မှာ သူ့အမေက “ယောက်ျားပဲ တစ်ခါတလေသောက်သောက်စားစားတော့ ရှိမှာပေါ့” ဆိုတဲ့ စကားကို သူ့သားရှေ့မှာပဲ ပြောပါတယ်။ “အလုပ်လုပ်ဖို့ပဲ တွင်တွင်ပြောမနေနဲ့ အန်တီတို့ စည်းစိမ်တွေက ညည်းနဲ့ ညည်းသမီး တစ်သက်စားမကုန်ဘူး” တဲ့။ တကယ်တော့ စိတ်တည်ငြိမ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ ဘဝမှာ ရပ်တည်ချက်တစ်ခုခုရှိဖို့ကြောင့် အလုပ်လုပ်ရတယ်ဆိုတာကို သူတို့နားမလည်ခဲ့ဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မလည်း ပြောမရတော့တဲ့ ကျွန်မခင်ပွန်းကို စိတ်ကုန်လာတော့ ကျွန်မရဲ့ အချိန်တွေကို သမီးဆီမှာပဲ မြှပ်နှံထားလိုက်တော့တယ်။ တစ်နေ့…. အပြင်က ပြန်လာတော့ အိမ်မှာ ပြဿနာတစ်ခုတက်နေခဲ့တယ်။ ကျွန်မရဲ့ ချစ်လှစွာသော ခင်ပွန်းက လူမှန်းသူမှန်းမသိလောက်အောင် အရက်မူးပြီး စားသောက်ဆိုင်က လူတွေနဲ့ ရန်ဖြစ်တာကြောင့်  ရဲစခန်းရောက်သွားတယ်တဲ့လေ။ ကျွန်မခင်ပွန်းကို အာမခံနဲ့ရွေးလာပြီး ဆူကြပူကြပြီးတဲ့နောက်မှာ သူတို့အားလုံးရဲ့ စကားနောက်ဆုံးလက်စသတ်ကတော့ “မိန်းမကမှ အထိန်းအသိမ်းမတတ်တာ” တဲ့။

အဲ့ဒီနောက်ပိုင်းမှာ ကျွန်မခင်ပွန်းက တစ်အိမ်လုံးရဲ့ အသည်းကျော်ဘဝကို စွန့်လွှတ်လိုက်ရတော့တယ်။ သူ့ကိုတွေ့တိုင်း ဆူကြပူကြ၊ ငြိုငြင်ကြတာပေါ့။ အရက်စွဲနေတဲ့သူကိုဖြတ်ပေးဖို့၊ လမ်းမှန်ရောက်ဖို့ ပြန်ဆွဲယူဖို့ထက် အချိန်တိုင်း ကျွန်မကိုပဲ အပြစ်တင်ခဲ့ကြတယ်။ အဲ့ဒီအိမ်မှာ အချိန်တိုင်း စိတ်ဆင်းရဲနေခဲ့ရတယ်။ ထမင်းစားဝိုင်းထဲမှာလည်း “မိန်းမဆိုတာ ယောက်ျားကို ထိန်းသိမ်းနိုင်မှ ယောက်ျားကိုလိမ္မာအောင် ပြုပြင်နိုင်မှ” ဆိုတဲ့စကား “ဧည့်သည်လာရင်လည်း သားကမိန်းမရပြီးမှ ပျက်သွားတာ၊ အစက လိမ္မာတယ်”ဆိုတဲ့ စကားတွေပဲ ကြားရဖန်များလာတော့ ကျွန်မရဲ့စိတ်ဟာ ကျွန်မကိုယ်တိုင်နားမလည်လောက်အောင် ထုံပေလာခဲ့တယ်။  “သူတို့တွေပဲ အလိုလိုက်ခဲ့တာလေ” ဆိုတဲ့ စကားနဲ့ပြန်ပြီး ခုခံချင်စိတ်မရှိတော့လောက်အောင် စိတ်ကုန်နေခဲ့တယ်။

တကယ်ပဲ… ကျွန်မအထိန်းအသိမ်းမတတ်တာကြောင့်ဖြစ်ခဲ့တာလား။ အိမ်ထောင်ကျပြီးတာတောင် ကလေးလိုပဲ ဆက်ဆံနေခဲ့တဲ့၊ အလိုလိုက်နေခဲ့တဲ့ မိဘနဲ့ကော မသက်ဆိုင်ဘူးလား။

ပတ်ဝန်းကျင်ကပြောသလို ကျွန်မခင်ပွန်းက ကျွန်မနဲ့သမီးလေးတော့ချစ်ရှာပါတယ်ဆိုတဲ့ အကြောင်းလေးတစ်ခုနဲ့ပဲ အချိန်တိုင်းမှာ စိတ်ဆင်းရဲနေရတဲ့ ဒီအိမ်ထောင်ရေးမှာ ကျွန်မဆက်နေသင့်လား။