ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမပေးနိုင်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဖို့ ဦးတည်ပေးနိုင်လား။

စာချစ်သူတို့ရေ…။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကလေးတွေအနေနဲ့ စိတ်ဒဏ်ရာရတတ်တယ်ဆိုတာကို ကျွန်မတို့အားလုံးသိထားကြပါတယ်။ အဲ့ဒီဒဏ်ချက်တွေဟာ ကုသဖို့နောက်ကျရင် နောက်ကျသလောက် ကလေးငယ်ရဲ့ဘဝအပေါ် သက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ ငယ်ဘဝမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ

  • ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ…
  • အချစ်ရေးတွေတည်ဆောက်ဖို့ ခက်ခဲတာ….
  • ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိတော့သလို ခံစားရတာ
  • စိတ်ခံစားမှုတွေကို ပြောပြဖို့ ခက်ခဲတာ
  • လူတောမတိုးရဲတာမျိုးတွေဖြစ်တတ်ပါတယ်။

ကလေးငယ်အတွက် အန္တရာယ်ရှိနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေဟာ အိမ်မှာဖြစ်တဲ့ ရာခိုင်နှုန်းက ပိုများတတ်ပါတယ်။ ကလေးဆိုတာမျိုးက အပြင်ထွက်တာထက် အိမ်တွင်းမှာ နေတာပိုများတာကြောင့် အိမ်မှာအဝင်အထွက်ရှိသူ ဒါမှမဟုတ် ဆွေမျိုးနီးစပ်တွေကပဲ လိင်ပိုင်းဆိုင်ရာကျူးလွန်ကြတာ ပိုများပါတယ်။ လေ့လာသူတွေကလည်း ကျူးလွန်ခံရမှုတွေဟာ  ကလေးငယ်နဲ့ မိဘကြားမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုလျော့နည်းခြင်းကြောင့် ဖြစ်တတ်တာကို တွေ့ရှိထားပါတယ်။

ကလေးငယ်တွေဟာ ဂရုစိုက်မှု၊ အားပေးမှုနဲ့ ချစ်ခင်ကြင်နာမှုတွေကို အလိုရှိနေတဲ့သူတွေ ဖြစ်ကြပါတယ်။ မိဘတွေအနေနဲ့ ကလေးငယ်ရဲ့ ရင်ဖွင့်ဖော်၊ ကစားဖော်၊ ယုံကြည်အားကိုးရတဲ့သူ ဖြစ်အောင် နားလည်မှုကိုမတည်ဆောက်ထားဘူးဆိုရင်….။ ကလေးငယ်ရဲ့ ယုံကြည်အားကိုးရတဲ့သူဟာ မိဘမဟုတ်တဲ့ တတိယလူတစ်ယောက်ဖြစ်လာမှာပါ။ အဲ့ဒီလူဟာ အဘွားလို၊ အစ်မကြီးလို၊ အဒေါ်တွေလို ယုံကြည်ထိုက်တဲ့မဟုတ်ဘဲ အိမ်ကိုအဝင်အထွက်ရှိနေတဲ့ မရိုးဖြောင့်တဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်….။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ကလေးငယ်အတွက် ကြီးမားတဲ့အန္တရာယ်ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကလေးအနေနဲ့ သူယုံကြည်ရတဲ့ အဲ့ဒီတတိယလူရဲ့ စကားအတိုင်း လိုက်လုပ်တော့မယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရတာတွေကိုလည်း ကစားနည်းတစ်ခုလို့ ယုံကြည်နေမယ်။ မိဘတွေမသိအောင် ဖုံးကွယ်ထားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။

အဲ့ဒီကိစ္စတွေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုဆိုတာကို အရွယ်ရောက်လာတဲ့ အချိန်ကျမှ သိလာခဲ့ရင်….

ကျူးလွန်သူဟာ ကလေးအပေါ်မှာ စိတ်ရှိသလောက် အမြတ်ထုတ်စော်ကားမှုတွေ ပြုလုပ်နိုင်နေခဲ့တယ်ဆိုရင်…..

ကလေးရဲ့ အနာဂတ်ဘယ်လိုတွေဖြစ်လာမလဲ။

အချိန်မပေးနိုင်မှုတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ကလေးအပေါ် နွေးထွေးကြင်နာမှု မပေးနိုင်ခဲ့တဲ့၊ မိဘနဲ့သားသမီးကြားမှာ စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှု မခိုင်မာအောင် တည်ဆောက်မထားနိုင်ခဲ့တဲ့ မိဘတွေကော ဘယ်လိုခံစားရမလဲ…။

မိဘတွေသိတဲ့အချိန်ဟာသိပ်ကိုနောက်ကျသွားရင်ကော…. ဘာတွေဖြစ်လာမလဲ။

သင့်ရဲ့ အမြင်လေးတွေကော ဘယ်လိုရှိလဲ။